ဝါရှင်တန်ဒီစီမှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်သတ်ခံရပြီးနောက် ဒါဇင်နဲ့ချီတဲ့ ဂျူးအဖွဲ့အစည်းတွေက အမေရိကန်အစိုးရရဲ့ လုံခြုံရေးအစီအမံတွေကို မြှင့်တင်ပေးဖို့ တောင်းဆိုနေကြပါတယ်။မြောက်အမေရိကမှာရှိတဲ့ ဂျူးဖက်ဒရေးရှင်းနဲ့ အခြားသော ဂျူးအဖွဲ့အစည်း ၄၂ ဖွဲ့က ပူးတွဲကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုခဲ့တာပါ။

ဒေသစံတော်ချိန် မေလ ၂၁ ရက် ညပိုင်းက ဝါရှင်တန်ဒီစီမြို့လယ်က ဂျူးလူမျိုးတွေရဲ့ ပြတိုက်အပြင်ဘက်မှာ အစ္စရေးသံရုံးဝန်ထမ်းနှစ်ဦး ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး မေလ ၂၂ ရက်မှာတော့ ဂျူးအဖွဲ့တွေက အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။FBI အနေနဲ့ ပြည်တွင်းအကြမ်းဖက်တွေကို ဟန့်တားဖို့၊ ဂျူးအဖွဲ့အစည်းတွေရဲ့ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် ရန်ပုံငွေ တိုးမြှင့်ပေးဖို့နဲ့၊ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူဖို့ ဆိုတာတွေ တောင်းဆိုထားပါတယ်။

သံရုံးဝန်ထမ်းနှစ်ဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်က အခုဖြစ်ရပ်ဟာ ဆီးမိုက်ဆန့်ကျင်ရေး အကြမ်းဖက်ဝါဒရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်လို့ ဆိုထားပြီး ဒီရာဇ၀တ်မှုတွေအတွက် တာဝန်ရှိသူတွေကို အမေရိကန်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ယုံကြည်ကြောင်း သူကပြောပါတယ်။ယူအေအီးနဲ့ ကာတာလိုနိုင်ငံတွေကလည်း ဒီလိုအကြမ်းဖက် လုပ်ရက်ကို ရှုံ့ချကြောင်း မေလ ၂၂ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပြီး သေဆုံးသူတွေရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြောင်း ပြောထားပါတယ်။