ဂျာမနီမှာ ပညာသင်ကြားနေတဲ့ ဗီယက်နမ်ကျောင်းသားတွေရဲ့ ၄၅ ရာခိုင်နှုန်းလောက်ဟာ အင်ဂျင်နီယာ ဘာသာရပ်ကို ရွေးချယ်လာကြပြီး စီးပွားရေး၊ လူမှုရေးသိပ္ပံနဲ့ ဥပဒေဘာသာရပ်တွေကလည်း ရေပန်းစားတဲ့ ဘာသာရပ်တွေ ဖြစ်လာတယ်လို့ VnExpress သတင်းမှာ ဖော်ပြထားပါတယ်။ဂျာမနီမှာ လက်ရှိဘွဲ့ကြိုကျောင်းသားအရေအတွက် ၇၀၀၀ ကျော်ရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် အနည်းငယ် ပိုများလာ တယ်လို့ ဟနွိုင်းက ပညာရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုက ဆိုပါတယ်။

ဂျာမနီမှာ ဘွဲ့ရ ၉၈ ရာခိုင်နှုန်းလောက်အထိ အလုပ်ရကြပြီး နည်းပညာနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုမိုကောင်းမွန်လာတယ်လို့ သိရပါတယ်။ လက်ရှိဂျာမနီမှာ အသက်အရွယ်ကြီးရင့်လာတဲ့ လူဦးရေပိုများလာ တာကြောင့် ၂၀၃၅ ခုနှစ်မှာ ကျွမ်းကျင်လုပ်သား ၇ သန်းနီးပါး လိုအပ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ဒါ့ကြောင့် လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ တက္ကသိုလ်တွေမှာ နိုင်ငံတကာကျောင်းသားတွေ ပိုမို ဝင်ရောက်လာအောင်လုပ်ပြီး ဘွဲ့ရပြီးနောက်မှာတောင် အဲဒီကျောင်းသားတွေကို ဂျာမနီမှာ ဆက်လက် အလုပ်လုပ်ချင်လာအောင် ဖန်တီးပေးဖို့ တိုက်တွန်းတာတွေ ရှိလာတာ ဖြစ်ပါတယ်။

ဂျာမနီအစိုးရဟာ ၂၀၂၃ ခုနှစ် မေလကစတင်ပြီး နိုင်ငံတကာကျောင်းသားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးခဲ့ပါတယ်။ ကျောင်းသားတွေကို တစ်နှစ်မှာ ရက်ပေါင်း ၁၄၀ အထိ အလုပ်လုပ်ခွင့် ပြုပြီး သက်မွေးပညာသင်တန်းအတွက် အသက်သတ်မှတ်ချက်ကိုလည်း ၂၅ နှစ်ကနေ ၃၅ အထိ တိုးပေးခဲ့သလို ဂျာမန်ဘာသာရပ်အတွက် လိုအပ်ချက်တွေကိုလည်း လျှော့ချပေးခဲ့ပါတယ်။