ကိုလံဘီယာနိုင်ငံ အနောက်တောင်ပိုင်းမှာ မနေ့က ဇွန်လ ၁၀ ရက်မနက်ပိုင်းက အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ကိုလံဘီယာရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကာလီနဲ့ အနီးအနားက မြို့အများအပြားမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ တာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေက ရဲတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာလို့ ကိုလံဘီယာ အမျိုးသား တပ်မတော်က X ပလက်ဖောင်းမှာ ရေးသားထားပါတယ်။မနေ့က တစ်ရက်တည်းမှာ ကားဗုံးခွဲမှု၊ ရိုင်ဖယ်သေနတ်နဲ့ ပစ်ခတ်မှုတွေအပြင် အခြားဖောက်ခွဲရေးပစ္စည်းတွေနဲ့ တိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှု အကြိမ် ၂၀ လောက်အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။သေဆုံးသူတွေထဲမှာ ရဲအရာရှိ ၂ ယောက် ပါဝင်ပြီး ဒဏ်ရာရသူအရေအတွက်က ၂၈ ယောက်ကနေ ၅၀ အထိ ရှိနိုင်တယ်လို့ ကိုလံဘီယာ ရဲတပ်ဖွဲ့က ပြောပါတယ်။

ကိုလံဘီယာမီဒီယာအချို့ကတော့ ဒီတိုက်ခိုက်မှုဟာ အရင်က အင်အားကြီး ပျောက်ကြားအဖွဲ့တစ်ခုဖြစ်တဲ့ ကိုလံဘီယာတော်လှန်ရေးတပ်(FARC)ရဲ့ အဖွဲ့ခွဲတစ်ခုနဲ့ ချိတ်ဆက်နေတယ်လို့ ဖော်ပြပါတယ်။ မနေ့က တိုက်ခိုက်မှုတွေကြောင့် ရဲစခန်းတွေ၊ စည်ပင်သာယာအဆောက်အအုံတွေနဲ့ အရပ်သားပစ်မှတ်အချို့ ပျက်စီးခဲ့ ပါတယ်။ကာလီမြို့တော်ဝန်ကတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ၊ ဂိုဏ်းအကြမ်းဖက်တွေ ကြီးစိုးခဲ့တဲ့ ၁၉၈၉ တုန်းက တုန်လှုပ်ခြောက်ခြားဖွယ်ရာအချိန်ကို ပြန်ရောက်သွားသလို ခံစားရတယ်လို့ ပြောပါတယ်။မြို့တော်ဘိုဂိုတာမှာ သမ္မတလောင်း မီဂဲလ်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့မှုအပြီး ရက်ပိုင်းအကြာမှာ အခုလို အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပေါ်လာတာဖြစ်ပါတယ်။