ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်ခုံရုံးက သေဒဏ်စီရင်လိုက်တဲ့ တရားခံ (၃၇) ယောက်မှာ အမေရိကန်နိုင်ငံသား (၃) ယောက်လည်း ပါဝင်တယ်လို့ ရိုက်တာ သတင်းက သောကြာနေ့မှာ ဖော်ပြပါတယ်။
အဲဒီစစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စွပ်စွဲစီရင်ခံရသူ သုံးယောက်ဟာ မာဆယ် မာလန်ဂါ ၊ တေလာ သွန်ဆင် နဲ့ ဘင်ဂျမင် ဇာလ်မန် ပိုလွန်းတို့ဖြစ်ကြပါတယ်။
သူတို့ဟာ ရာဇဝတ်မှုမကင်းတဲ့ လျှို့ဝှက်ပူးပေါင်းကြံစည်မှု ၊ အကြမ်းဖက်မှုနဲ့ တခြားစွဲချက်အများအပြားနဲ့ တရားစွဲဆိုခံရပြီးနောက် သေဒဏ်ချမှတ်ခံခဲ့ရတာပါ။

ကင်ရှာဆာမြို့ တော် ဆင်ခြေဖုံးမှာရှိတဲ့ စစ်ထောင်အနီးက စစ်ခုံရုံး တရားခွင်မှာ အဲဒီစီရင်ချက်ကို ဖတ်ကြားနေတဲ့ မြင်ကွင်းကိုလည်း ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့တုန်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဟာ သူတို့ရဲ့ ခေါင်းဆောင်ဖြစ်သူ အမေရိကန် အခြေစိုက်ကွန်ဂိုနိုင်ငံရေးသမား ခရစ္စတီယန် မာလန်ဂါကို လုံခြုံရေးတပ်တွေက မသတ်ဖြတ်ခင် ကင်ရှာဆာမြို့တော်က သမ္မတရုံးကို ခေတ္တဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ကြပါတယ်။
အဲဒီကွန်ဂိုနိုင်ငံရေးသမားရဲ့သား မာဆယ် မာလန်ဂါဟာ သေဒဏ်စီရင်ခံရတဲ့ အမေရိကန်နိုင်ငံသားတွေထဲမှာ ပါဝင်ပါတယ်။
ကွန်ဂိုဒီမိုကရက်တစ် သမ္မတ နိုင်ငံမှာ စစ်ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုမှာ အမေရိကန် ၊ ဗြိတိန် ၊ ကနေဒါ ၊ ဘယ်ဂျီယံနဲ့ ကွန်ဂို နိုင်ငံသားတွေ အပါအဝင် လူပေါင်း (၅၀) ကျော်ကို အာဏာပိုင်တွေက တရားစွဲဆို စစ်ဆေးခဲ့ပြီး အဲဒီအထဲက (၃၇) ယောက်ကို သေဒဏ် ချမှတ်ခဲ့ပါတယ်။