ချီကာဂိုမြို့မှာ ဒီမိုကရက်တစ် ပါတီညီလာခံ(DNC) ကျင်းပနေချိန်မှာပဲ ပါလက်စတိုင်းထောက်ခံ ဆန္ဒဖော်ထုတ်သူ အနည်းဆုံး လေးယောက်လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားလိုက်ပါတယ်။
ဆန္ဒဖော်ထုတ်သူ ဒါဇင်များစွာဟာ လုံခြုံရေးအတားအဆီးတွေ ချထားတဲ့နေရာကို အတင်းဝင်ရောက်ခဲ့တဲ့နောက်မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက အခုလို ဖမ်းဆီးတာတွေ လုပ်ခဲ့တာပါ။

ညီလာခံကျင်းပရာမှာ ချမှတ်ထားတဲ့ လုံခြုံရေးဇုန်ရှိရာကို ထောင်နဲ့ချီတဲ့ ဆန္ဒဖော်ထုတ်သူတွေ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြပြီး သမ္မတဂျိုးဘိုင်ဒန်ရဲ့ ဂါဇာအရေးနဲ့ ပတ်သက်ပြီး အစ္စရေးကို ထောက်ခံနေမှုကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြပါတယ်။
နာရီအတန်ကြာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် နေရင်းမှာပဲ လူအုပ်တစ်အုပ်က လုံခြုံရေးဇုန်ထဲ ချိုးဖောက်ဝင်ရောက်ခဲ့ကြရာမှာ ဒုတိယလုံခြုံရေးစည်းကို မကျော် နိုင်ခဲ့ဘူးလို့ ချီကာဂိုရဲတပ်ဖွဲ့က ပြောပါတယ်။