အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ တနင်္လာနေ့က စတင်ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီညီလာခံ(DNC)ကို ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းက ဒီမိုကရက်သမ္မတလောင်းဖြစ်ခဲ့သူ ဟီလာရီကလင်တန်လည်း တက်ရောက်လာခဲ့ပါတယ်။
အဲဒီညီလာခံမှာ ဟီလာရီက အိမ်ဖြူတော်ကို ဝင်ရောက်နိုင်ရေး ရည်မှန်းခဲ့သူ အမျိုးသမီးတွေရဲ့ သမိုင်းကို အကျဉ်းမျှ ခြုံငုံပြောကြားခဲ့ပြီး အခု မိမိတို့ရဲ့ အချိန်ရောက်လာပြီဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီဝင် အမျိုးသမီးထုကို ရည်ညွှန်းပြောကြားသွားခဲ့ပါတယ်။

သူရဲ့ ရွေးကောက်ပွဲပြိုင်ဘက်ဟောင်း ဒေါ်နယ်ထရမ့် အပေါ် မှာလည်း ထရမ့်ဟာ တရားခွင်တွေမှာ ငိုက်မြည်းအိပ်ပျော်နေရင်း တရေးနိုးထပြီး သူဟာသူ ထွင်ထားတဲ့ သမိုင်း တွေကို ပြောနေကြောင်းနဲ့ ရာဇဝတ်မှု ၃၄ မှုနဲ့ သမ္မတ နေရာကို ဝင်ပြိုင်တဲ့ ပထမဆုံး လူသားလို့လည်း ဝေဖန် တိုက်ခိုက်သွားခဲ့ပါတယ်။