အီရန်က နျူကလီးယားစက်ရုံရှိရာ နေရာတွေကို အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဝါရှင်တန်အပေါ် ယုံကြည်လက်ခံ နိုင်မှုကို ပျက်စီးသွားစေတယ်လို့ တရုတ်က ပြောကြားခဲ့ပြီး အခြေအနေတွေ ထိန်းမရဖြစ်သွားမှာကို ဘေဂျင်း ဘက်က စိုးရိမ်နေတယ်လို့ ဇွန်လ ၂၂ ရက်က ပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးအပြီးမှာ ပြောကြားသွားခဲ့တာကို ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

အမေရိကန်ဟာ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးဖြစ်ပွားပြီးချိန်ကတည်းက အစ္စလာမ္မစ်နိုင်ငံကို အနောက်နိုင်ငံရဲ့ စစ်ရေးအရ အကြီးဆုံး အရေးယူမှုမှာ အစ္စရေးနဲ့အတူ ပူးပေါင်းလိုက်ပြီး တီဟီရန်ရဲ့ အရေးပါတဲ့ နျူကလီးယား စက်ရုံတွေရှိရာ နေရာကို ချေမှုန်းလိုက်ပြီလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဇွန်လ ၂၂ ရက်မှာ တွေ့ဆုံ ခဲ့ကြပြီး ရုရှား၊ တရုတ်နဲ့ ပါကစ္စတန်က အရှေ့အလယ်ပိုင်းမှာ အပစ်အခတ် ခြွင်းချက်မရှိ ရပ်စဲဖို့ တောင်းဆိုထား ပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဖူချုံးကလည်း သက်ဆိုင်သူတွေအနေနဲ့ အင်အားသုံး နေမှုတွေကို ထိန်းချုပ်ပြီး အခြေအနေကို ပိုဆိုးအောင်မလုပ်ကြဖို့ ပြောကြားထားပါတယ်။ ဒါ့အပြင် အခြေအနေ ပိုဆိုးမလာစေ ဖို့နဲ့ စစ်မီးကူးစက်တာ မရှိစေဖို့ အပစ်အခတ် ချက်ချင်း ရပ်သင့်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ အီရန်မှာရှိတဲ့ တရုတ်သံရုံးကတော့ နိုင်ငံထဲမှာရှိနေတဲ့ တရုတ်နိုင်ငံသားအများစုကို ဘေးကင်းရာ ပြောင်းရွှေ့ပေးထားပြီး ကျန်ရှိ နေသူတွေကလည်း အန္တရာယ်ရှိတဲ့နေရာတွေမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။