အာဖရိကနိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ကနေ နုတ်ထွက်ကြဖို့ တရုတ်သံတမန်တွေက ဖိအားပေးနေတယ်လို့ အေပီသတင်းဌာနမှာ ဖော်ပြထားပါတယ်။ ဒီအဖွဲ့ကို ၂၀၂၀ ပြည့်နှစ် ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လက တရုတ်တိုင်ပေမှာကျင်းပတဲ့ တိုင်ပေထိပ်သီးဆွေးနွေးပွဲကို အာဖရိကနိုင်ငံတချို့က လွှတ်တော်အမတ်တွေ တက်ရောက်ခဲ့တာကြောင့် အခုလို တရုတ်ရဲ့သံတမန်ရေးဖိအားတွေ တိုးမြင့်လာတာဖြစ်ပါတယ်။

ဒီအဖွဲ့က တရုတ်ရဲ့ရှင်ကျန်းနဲ့ တရုတ်(ဟောင်ကောင်)က လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ဖို့ ဆော်သြခဲ့ဖူးပါတယ်။ ဒါကြောင့်လည်း တရုတ်က အာဖရိကမှာရှိတဲ့ နိုင်ငံတချို့ရဲ့ နိုင်ငံရေးသမားတွေ၊ ဥပဒေပြုအမတ်တွေနဲ့ တချို့ပါတီခေါင်းဆောင်တွေကို ပိတ်ဆို့အရေးယူမှုတွေ တန်ပြန်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။တရုတ်နိုင်ငံဟာ အာဖရိကအပေါ်မှာ သြဇာကြီးကြီးမားမား သက်ရောက်နေတာပါ။ အာဖရိကနိုင်ငံတွေရဲ့အခြေခံ အဆောက်အဦ ဆောက်လုပ်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်ရင် ကမ္ဘာမှာ တရုတ်ကို မီတဲ့နိုင်ငံမရှိပါဘူး။

မိုင်းတွင်းတူးဖော်ရေးမှာလည်း တရုတ်က အဓိကနိုင်ငံ ဖြစ်ပါတယ်။ တရုတ်အစိုးရပိုင်ဘဏ်တွေကနေ ထုတ်ချေး ထားတဲ့ ငွေလုံးငွေရင်းတွေနဲ့ အစိုးရပိုင် ဆောက်လုပ်ရေးကုမ္ပဏီတွေက မိုင်းတွင်းတွေ၊ ရထားလမ်းကားလမ်းတွေနဲ့ ဆည်ကြီးတွေအထိ ဆောက်လုပ်ပေးနေတာဖြစ်ပါတယ်။အခုလို တရုတ်ရဲ့ဖိအားပေးမှု ပိုမိုကြီးထွားလာတာကြောင့် အာဖရိကတချို့နိုင်ငံတွေအနေနဲ့ တရုတ်ရဲ့ အငြိုအငြင်ကို မခံယူလိုဘဲ ဒီနိုင်ငံတကာပါလီမန်အမတ်များအဖွဲ့ကနေ နုတ်ထွက်တာနဲ့ ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်ဖို့ ပယ်ဖျက်တာတွေ မဖြစ်မနေ လုပ်ဆောင်နေကြရတယ်လို့ သိရပါတယ်။