တရုတ်ပညာရေးဝန်ကြီးဌာနဟာ အင်ဂျင်နီယာထူးချွန်သူတွေကို လေ့ကျင့်ပေးခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ ကို အရှိန်မြှင့်လုပ်ဆောင်တော့မယ့်အကြောင်း China Daily သတင်းမှာ ဖော်ပြပါရှိပါတယ်။ လာမယ့်၂၀၃၀ ပြည့် နှစ်မှာ အင်ဂျင်နီယာမာစတာနဲ့ ပါရဂူဘွဲ့တွေ ပေးအပ်တဲ့ တက္ကသိုလ်အားလုံးရဲ့ ထက်ဝက် ကျော်မှာ အင်ဂျင်နီယာ ထူးချွန်သူတွေအတွက် အမျိုးသားဘွဲ့လွန်ကောလိပ်တွေ ထူထောင်သွားဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာန၊ဘွဲ့စီမံခန့်ခွဲရေးနှင့်ဘွဲ့လွန်ပညာရေးဌာန ဒုတိယအကြီးအကဲ ဟောင်ထုံလျန်က အဲဒီ အထူး ပြုကောလိပ်တွေမှာ လက်ရှိတက်ရောက်နေတဲ့ ကျောင်းသားဦးရေဟာ နိုင်ငံတစ်ဝန်းရှိ အင်ဂျင်နီယာဘွဲ့လွန် ကျောင်းသား စုစုပေါင်းရဲ့ ၄ ရာခိုင်နှုန်းသာ ရှိရာကနေ ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ဖို့ ရည်ရွယ်တယ်လို့ ပြောကြား ခဲ့ပါတယ်။ ဒါ့အပြင် ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ဂွမ်ဒေါင်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသတွေမှာ အမျိုးသားထူးချွန်အင်ဂျင်နီယာ တီထွင်ဆန်းသစ်မှုဌာန ၄ ခု တည်ဆောက်ရေးကိုလည်း မြှင့်တင်သွားမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အဲဒီဌာနတွေဟာ နယ်ပယ်အသီးသီးရှိ အထူးပြုလုပ်ငန်းငယ်တွေနဲ့ အလတ်စားလုပ်ငန်းတွေရဲ့ တီထွင်ဆန်းသစ်မှု လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မဲ့ အရည်အချင်းရှိသူတွေကိုလည်း လေ့ကျင့်ပေးနိုင်ဖို့ မျှော်လင့်ရည်မှန်းထားပါတယ်။တရုတ်နိုင်ငံဟာ ထိပ်တန်းနိုင်ငံတကာ အင်ဂျင်နီယာကျွမ်းကျင်သူတွေကိုလည်း ဘွဲ့လွန်ပညာရေးမှာ ပါဝင်ဖို့ ဆက်လက်ဖိတ်ခေါ်သွားမှာဖြစ်ပြီး ကျောင်းသားတွေအကြား ပုံမှန်ဖလှယ်မှုတွေ ရရှိဖို့အတွက် ပလက်ဖောင်းတွေ တည်ဆောက်သွားမဲ့အကြောင်းကိုပါ ဟောင်က ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။