၂၀၂၁ ကတိကဝတ်အရ ပြည်ပက ကျောက်မီးသွေးပရောဂျက်တွေကို ငွေကြေးထောက်ပံ့မှု ရပ်ဆိုင်းရမှာ ဖြစ်ပေ မယ့် တရုတ်ကုမ္ပဏီတွေဟာ အင်ဒိုနီးရှားက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံအသစ်တွေကို ပံ့ပိုးမှုတွေ ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ စွမ်းအင်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိစစ်ချက်တစ်ခုမှာ ဖော်ပြထားကြောင်း CNA သတင်းမှာ တင်ပြထားပါတယ်။

တရုတ်ဟာ အင်ဒိုနိးရှားက နီကယ်စက်ရုံတွေမှာသုံးဖို့ ၇ ဒသမ ၇ ဂစ်ဂါဝပ်ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံအသစ်တွေ ဆောက်လုပ်ရာမှာ ပါဝင်နေတယ်လို့ Global Energy Monitor ရဲ့ ယူအက်စ် အကြံပေး ပါရဂူ အဖွဲ့က ပြောကြားခဲ့ပါတယ်။ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကနိုင်ငံတွေ ပေါင်းစပ်ဖွဲစည်းထားတဲ့ ဘရစ်(BRICS)အဖွဲ့ဟာ ကမ္ဘာ့စီးပွားရေးရဲ့ လေးပုံတစ်ပုံကို လွှမ်းခြုံနိုင်ဖို့ ရည်ရွယ်ထားပြီး တရုတ်နိုင်ငံက ဆောက်လုပ်နေဆဲ ဖြစ်တဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံသစ်အားလုံးရဲ့ ၈၈ ရာနှုန်းကို ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ကမ္ဘာကြီးပူနွေးလာစေတဲ့ ကာဗွန် ထုတ်လွှတ်မှုကလည်း ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှုရဲ့ ထက်ဝက်နီးပါး ရှိနေတာ ဖြစ်ပါတယ်။ ပြည်ပက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေကို ကူညီတည်ဆောက်ပေးတာ၊ ငွေကြေးထောက်ပံ့တာ တွေ လုပ်တော့မှာမဟုတ်ဘူးလို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၂၁ ခုနှစ်တုန်းက ပြောခဲ့ပေမယ့် ကတိကဝတ် ပြုထားတဲ့အချိန်ကတည်းကနေ အနည်းဆုံး ၂၆ ဒသမ ၂ ဂစ်ဂါဝပ်ရှိတဲ့ တရုတ်ကျောထောက်နောက်ခံပြု စက်ရုံ အသစ်တွေ တည်ဆောက်ထားတယ်လို့ သုတေသနမှတ်တမ်းတွေအရ သိရပါတယ်။