တရုတ်သမ္မတရှီကျင့်ဖျင်ဟာ လေးရက်ကြာနိုင်ငံတော်ခရီးစဉ်အဖြစ် မော်စကိုမြို့ကို သွားရောက်မှာဖြစ်ပြီး ဒီခရီး စဉ်ဟာ ရုရှားသမ္မတနဲ့ “အပြန်အလှန်ယုံကြည်မှု” ပိုမိုနက်ရှိုင်းလာမှာဖြစ်ကြောင်း ပြောကြားလာတာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

နာဇီဂျာမနီကို စစ်အောင်နိုင်ခဲ့တဲ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု အခမ်းအနားအဖြစ် မော်စကိုမြို့ကို သွားရောက်မှာဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၉ ရက် “ အောင်ပွဲနေ့” စစ်ရေးပြအခမ်းအနား အတွက် ပြင်းပြင်းထန်ထန် ပြင်ဆင်နေချိန်မှာ သမ္မတရှီကျင့်ဖျင်က အခမ်းအနား ဧည့်သည်စာရင်း ထိပ်ဆုံးနေရာ မှာ ပါဝင်နေတာ ဖြစ်ပါတယ်။မေလ ၉ ရက် ရုရှားနိုင်ငံ ရင်ပြင်နီမှာ ပြုလုပ်မဲ့ ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်သမ္မတ အပါအဝင် နိုင်ငံတချို့က ခေါင်းဆောင်တွေ တက်ရောက်ဖို့ ရှိနေတာပါ။

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကလည်း ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်းအထိမ်းအမှတ်အဖြစ် မော်စကိုမြို့ ရင်ပြင်နီမှာ နှစ်ပတ်လည်အောင်ပွဲခံ ချီတက်ပွဲအတွက် မေလ ၈ ရက်ကနေ ၁၁ ရက်အထိ တစ်ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားတာ လည်း ဖြစ်ပါတယ်။အမေရိကန်သမ္မတ ထရမ့်ရဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်တွေကို လှုပ်ခတ်သွား စေပြီး ဝါရှင်တန်နဲ့ ရုရှား-တရုတ်တို့အကြား ဆက်ဆံရေးကို ပြန်လည်ပုံဖော်ပေးဖို့အတွက် ရှီတက်ရောက်မှုက ခိုင်မာတဲ့ပြယုဂ်တစ်ခုဖြစ်မယ်လို့လည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။