တရုတ်လေယာဉ်တင်သင်္ဘော လျောင်နင်ဟာ ပစိဖိတ်သမုဒ္ဒရာအတွင်းက အိုင်ဝိုဂျီးမားကျွန်းအရှေ့ပိုင်းကို ပထမ ဆုံးအကြိမ် ရောက်ရှိလာတယ်လို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၉ ရက်က ပြောကြားခဲ့တာ ကို ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဂျပန်အနေနဲ့ တင်းတင်းကျပ်ကျပ် စောင့်ကြည့်စစ်ဆေးသွားမှာဖြစ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ရယူသွားမှာဖြစ်သလို တရုတ်ကိုလည်း ပြောသင့်ပြောထိုက်တာတွေ ပြောထားတယ်လို့ ကက်ဘိနက်အတွင်းဝန် ချုပ် ယိုရှိမာဆာဟာယာရှိက ပြောပါတယ်။အိုင်ဝိုဂျီးမားကျွန်းက တိုကျိုမြို့ရဲ့တောင်ဘက် ကီလိုမီတာ ၁၀၀၀ အကွာမှာ တည်ရှိတာပါ။ အိုင်ယိုဂျီးမားကျွန်းရဲ့ အရှေ့တောင်ဘက် ရေပြင်မှာ ဇွန်လ ၈ ရက်တုန်းက လျောင်နင်သင်္ဘောပေါ်ကနေ တိုက်လေယာဉ်တွေနဲ့ ရဟတ် ယာဉ်တွေ အဆင်းအတက် လုပ်နေတာရှိတယ်လို့ ဂျပန်ဘက်က အတည်ပြုထားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ လေယာဉ်တင်သင်္ဘောဟာ နိုင်ငံတကာဥပဒေနဲ့လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်နေတာဖြစ်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ကျန်းကတော့ တရုတ်နိုင်ငံဟာ နိုင်ငံတော်ကာကွယ်ရေးမူဝါဒကိုကာကွယ်ဖို့ အမြဲလုပ်ဆောင်နေတယ်လို့ ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားထားပြီး ဂျပန်အနေနဲ့ ဒီကိစ္စကို ဓမ္မဓိဋ္ဌာန်ကျကျနဲ့ ယုတ္တိရှိရှိ သုံးသပ် ဖို့ တိုက်တွန်းထားပါတယ်။