တရုတ်နိုင်ငံမြောက်ပိုင်း ဘေကျင်းနဲ့ အနီးအနားပြည်နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဒီကနေ့ ဇူလိုင် ၂၈ ရက်မှာ ရေကြီးရေလျှံတာတွေနဲ့ မြေပြိုတာတွေ ဖြစ်ပွားခဲ့တယ်လို့ ပြည်နယ်အာဏာပိုင်တွေက ပြောကြားထားတာကို Reuters သတင်းမှာပါရှိပါတယ်။ရေကြီးမြေပြိုတာတွေကြောင့် လူပေါင်း ၄,၄၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့လည်း ပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။

ဘေဂျင်းမြို့ ဆင်ခြေဖုံးရှိ Miyun ဧရိယာမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရုတ်တရက် ရေကြီးမြေပြိုတာတွေ ဖြစ်ပွားခဲ့ပြီး ကျေးရွာအများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ဖော်ပြထားပါတယ်။ရေကြီးမှုဖြစ်စဉ်ကြောင့် ဘေဂျင်းမြို့တစ်ဝိုက် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး လူပေါင်း ၁၀,၀၀၀ ကျော် ထိခိုက်ခဲ့ တယ်လို့လည်း CCTV မှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံမြောက်ပိုင်းဟာ မကြာသေးမီနှစ်တွေအတွင်းကလည်း စံချိန်တင်မိုးရွာသွန်းခဲ့ပြီး ဘေကျင်းအပါအဝင် လူဦးရေထူထပ်တဲ့မြို့တွေမှာ ရေလွှမ်းမိုးမှုအန္တရာယ်တွေ ဖြစ်စေခဲ့ပါတယ်။အချို့သော သိပ္ပံပညာရှင်တွေကတော့ တရုတ်နိုင်ငံမြောက်ပိုင်းမှာ တိုးမြင့်လာတဲ့ မိုးရွာသွန်းတာတွေက ကမ္ဘာကြီး ပူနွေးလာတာနဲ့ များစွာဆက်စပ်နေတယ်လို့ ပြောကြားထားပါတယ်။