တရုတ်နိုင်ငံမှာ မွေးဖွားနှုန်းတိုးမြှင့်ဖို့ရည်ရွယ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အသက် ၃ နှစ်အောက် ကလေး တွေအတွက် တစ်နှစ်ကို ယွမ် ၃၆၀၀ (ဒေါ်လာ ၅၀၀) ထောက်ပံ့ပေးနေတယ်လို့ BBC သတင်းမှာ ပါရှိပါတယ်။တရုတ်နိုင်ငံမှာ တစ်အိမ်ထောင်ကို ကလေးတစ်ယောက်နှုန်းပဲ မွေးဖွားဖို့ မူဝါဒကို ဖျက်သိမ်းလိုက်တာ ဆယ်စုနှစ် တစ်ခုနီးပါး ရှိနေပေမယ့် မွေးဖွားနှုန်းကတော့ ကျဆင်းနေပါသေးတယ်။

ဒီလိုထောက်ပံ့ကြေးပေးတာကြောင့် မိသားစုပေါင်း သန်း ၂၀ လောက်ကို ကလေးစရိတ် ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး ပြည်နယ်တချို့မှာလည်း ဒီလို ထောက်ပံ့မှုတွေ ပေးခဲ့ဖူးပါတယ်။ကလေးတစ်ယောက်ကို စုစုပေါင်း ယွမ် ၁၀၈၀၀ အထိ ထောက်ပံ့ကြေးရမယ့် အစီအစဉ်သစ်ကို ဇူလိုင် ၂၈ ရက်က ကြေညာခဲ့တာပါ။ ဒီမူဝါဒက ဒီနှစ်အစောပိုင်းကစပြီး အကျိုးသက်ရောက်မှု ရှိမှာဖြစ်ကာ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ခုနှစ်အတွင်း မွေးဖွားတဲ့ကလေးတွေအတွက်လည်း တစ်စိတ်တစ်ပိုင်းထောက်ပံ့ကြေးတွေ လျှောက်လို့ ရမှာဖြစ်ပါ တယ်။ အခမဲ့မူကြိုပညာရေးအတွက် စီမံကိန်းတွေ ရေးဆွဲဖို့လည်း တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံက ကလေးပြုစုစရိတ်အမြင့်ဆုံးနိုင်ငံတစ်ခုဖြစ်ပြီး အသက် ၁၇ နှစ်အထိ ပြုစုဖို့ ဒေါ်လာ ၇ သောင်းခွဲ ကျော် ကုန်ကျတယ်လို့ သိရပါတယ်။ ဒါကြောင့် သုံးနှစ်ဆက်တိုက် လူဦးရေကျဆင်းနေပြီး လက်ရှိလူဦးရေ သန်း ၁၄၀၀ ရှိရာမှာလည်း သက်ကြီးဦးရေ မြန်မြန်ဆန်ဆန် များလာတာကြောင့် လူဦးရေနဲ့ပတ်သက်ပြီး စိုးရိမ်စရာ ဖြစ်လာနေပါတယ်။