တရုတ်တိုင်ပေဟာ သက်ကြီးဘိုးဘွားတွေကို စောင့်ရှောက်ဖို့အတွက် လုပ်အားခပေးရတာ ပိုသက်သာတဲ့ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေက အလုပ်သမားတွေကို ပိုမိုခေါ်ယူလာတာ တွေ့ရပါ တယ်။ ရွေ့ပြောင်းလုပ်သားတွေဟာ တရုတ်တိုင်ပေရဲ့ သက်ကြီးစောင့်ရှောက်ရေးကဏ္ဍမှာ အရေးပါတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာပါတယ်။

တရုတ်တိုင်ပေဟာ လက်ရှိအချိန်မှာဆိုရင် သက်ကြီးရွယ်အိုလူဦးရေ လျင်မြန်စွာတိုးပွားလာတဲ့ စိန်ခေါ်မှု တစ်ရပ် ရင်ဆိုင်နေရတာပါ။ အခု၂၀၂၅ ခုနှစ်မှာဆိုရင် အသက် ၆၅ နှစ်နဲ့အထက် လူဦးရေ ၄ သန်းနီးပါး ရှိပြီး ဒီသက်ကြီးရွယ်အိုတွေရဲ့ ၉၇ ရာခိုင်နှုန်းကျော်ဟာ စောင့်ရှောက်ရေးဂေဟာတွေ၊ ဘိုးဘွားရိပ်သာ တွေမှာထက် အိမ်မှာပဲ နေထိုင်နေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ မိအိုဖအိုတွေကို ပြုစုစောင့်ရှောက် ရမယ်ဆိုတဲ့ အာရှက ရှေးရိုးစွဲနေတဲ့ အယူတွေကို ထင်ဟပ်ပြသနေတာ ဖြစ်ပါတယ်။ဒီနေ့ခေတ် တရုတ်တိုင်ပေက အိမ်ထောင်စုတွေမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကထက် မိသားစုဝင် ဦးရေ အများကြီး လျော့နည်းလာကြပါတယ်။

သားသမီးဦးရေနည်းပါးလာပြီး အပြင်မှာ အလုပ်ထွက်လုပ် ရတဲ့ မိသားစုဝင်တွေ များလာတာကြောင့် သက်ကြီးရွယ်အိုမိဘတွေကို အချိန်ပြည့် ပြုစုစောင့်ရှောက်ဖို့ ဆိုတာ မဖြစ်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့်လည်း တရုတ်တိုင်ပေအစိုးရဟာ ၂၀၀၇ ခုနှစ်ကနေစပြီး သက်ကြီးရွယ်အိုတွေအတွက် အများပြည်သူဆိုင်ရာ ရေရှည်စောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို စတင် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါဟာ သက်ကြီးရွယ်အိုတွေ အဆင်ပြေဖို့အပြင် သူတို့ကို စောင့် ရှောက်ပေးရမယ့် မိသားစုဝင်တွေ ဝန်မပိစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။