ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမှာ ဖြစ်တည်လာခဲ့တဲ့ ရှိရင်းစွဲ နိုင်ငံတကာအခင်းအကျင်းကို တရုတ်နဲ့ဗြိတိန် နှစ်နိုင်ငံ ပူးတွဲတာဝန်ယူ ထိန်းသိမ်းပေးဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တောင်းဆိုလိုက်တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်လမ်မီနဲ့ ဖုန်းဆက်သွယ်ပြောဆိုစဉ်မှာ ဝမ်ယိက ပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂကို ဗဟိုပြုတဲ့ နိုင်ငံတကာအခင်းအကျင်းကို ထိန်းသိမ်းပြီး ဘက်ပေါင်းစုံ အကျိုးရှိတဲ့ ကုန်သွယ်ရေးစနစ်ကို နှစ်နိုင်ငံ ပူးပေါင်းပြီး ကာကွယ်ကြဖို့လည်း ဝမ်ယိက တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ဥပဒေအရ ရပိုင်ခွင့်တွေ အကျိုးစီးပွားတွေကို အလွဲသုံးစားလုပ်နေပြီး သွင်းကုန်စည်းကြပ်ခွန်တွေကို လက်နက် အဖြစ် အသုံးချ တိုက်ခိုက်နေတယ်လို့ ဝမ်ယိက ဆိုပါတယ်။ တရုတ်နိုင်ငံက မိမိရဲ့ကိုယ်ပိုင်ရပိုင်ခွင့်တွေနဲ့ အကျိုး စီးပွားတွေကို ကာကွယ်ရုံသာမက နိုင်ငံတကာစည်းမျဉ်းစည်းကမ်းတွေနဲ့ဘက်ပေါင်းစုံအကျိုးရှိတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးစနစ်ကို ထိန်းသိမ်းသွားမယ့်အကြောင်းလည်း ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။