အခွန်ကောက်ခံမှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ဖိအားပေးမှုတွေကို မလိုက်နာကြဖို့ ကုန်သွယ်ဖက်နိုင်ငံတွေ ကို တရုတ်နိုင်ငံက သတိပေးလာကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ အကောက်ခွန်စစ်ပွဲနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ဆွေးနွေး အဖြေရှာရာမှာ တရုတ်နိုင်ငံကို ထိခိုက်စေမယ့် အလျှော့ပေး လိုက်လျောတာ တွေ မလုပ်ကြဖို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ကုန်သွယ်ဖက်နိုင်ငံတွေကို သတိပေးထားကြောင်း ဧပြီ ၂၁ ရက်က တရုတ်အစိုးရ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကုန်သွယ်ဖက် နိုင်ငံတွေအနေနဲ့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးတာကို အသိအမှတ်ပြုပေမယ့် တန်းတူ ဆွေးနွေး အဖြေရှာဖို့နဲ့ တရုတ်ကို အထီးကျန် ထိခိုက်စေမယ့် အလျှော့ပေး သဘောတူတာတွေ မလုပ်ကြဖို့ လိုမယ်လို့ ဆိုပါတယ်။ တန်းတူညီမျှမှု မပါဘဲ အလျှော့ပေး လိုက်လျောတာ၊ အပေးအယူလုပ်ရတာတွေဟာ တည်ငြိမ် ငြိမ်းချမ်းမှုကို ရမှာ မဟုတ်သလို လေးစား အသိအမှတ်ပြုမှုကိုလည်း ရရှိနိုင်မှာမဟုတ်ဘူးလို့ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် သမ္မတ ထရမ့်ရဲ့ အကောက်ခွန်စစ်ပွဲဟာ တရုတ်ကို အထီးကျန်စေဖို့ နဲ့ တရုတ်ရဲ့ကုန်သွယ်ဖက်နိုင်ငံတွေအပေါ် ဖိအားပေးဖို့ ရည်ရွယ်တာလို့လည်း သူက ပြောဆိုခဲ့ပါတယ်။