တရုတ်ကို ပြက်ရယ်ပြုပြီး တခြားနိုင်ငံတွေက အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက် ရယူမယ့်ကိစ္စကို ပြင်းပြင်းထန်ထန်ကန့်ကွက်တယ်လို့ တရုတ်ဘက်က ဧပြီလ ၂၁ ရက်မှာ ပြောကြားလာတာကို CAN သတင်းမှာ ဖော်ပြထားပါတယ်။

ထရမ့်အစိုးရက အမေရိကန်ရဲ့အခွန်ကင်းလွတ်ခွင့်ရချင်ရင် တရုတ်နဲ့ကုန်သွယ်နေတာကို ကန့်သတ်ရမယ်ဆိုပြီး တခြားနိုင်ငံတွေကို ဖိအားပေးဖို့ ပြင်ဆင်လာတာကြောင့် ဒီလိုသဘောတူညီချက်ယူမယ့် ဘယ်နိုင်ငံကိုမဆို ပြန်လည်တုံ့ပြန်တာတွေ ခံရမှာဖြစ်တယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။အမေရိကန်က သူ့ရဲ့စီးပွားရေးပြိုင်ဘက်ဖြစ်တဲ့ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲကို အကြီးအကျယ်ဆင်နွှဲနေသလို အခုအခါမှာ နိုင်ငံအတော်များများက အခွန်နှုန်းထားသက်သာစေဖို့ အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ကိုယ်ပိုင်အခွင့်အရေးတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်သွားမှာဖြစ်သလို ကာကွယ်နိုင်စွမ်း လည်း ရှိပါတယ်။ ဒါ့ကြောင့် တရုတ်ရဲ့အကျိုးစီးပွားကို ထိခိုက်စေမယ့် သဘောတူညီချက်မျိုး ယူတာကို တရုတ် ဘက်က ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီး ဒီလိုအခြေအနေဖြစ်လာခဲ့ရင် တရုတ်ဘက်က လုံးဝလက်ခံမှာမဟုတ်ဘဲ ပြန်လည်လက်တုံ့ပြန်မှု တွေ လုပ်ဆောင်သွားမယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ပြောကြားသွားခဲ့ပါတယ်။