ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အောက်တိုဘာမှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင် တဲ့ လုံခြုံရေးဆိုင်ရာကွန်ဖရင့်ကို စက်တင်ဘာ ၁၂ ရက်က တက်ရောက်ခဲ့ပါတယ်။
ရုရှားနိုင်ငံ ကာဇန်မြို့မှာ ကျင်းပမယ့် BRICS ထိပ်သီးအစည်းအဝေးရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် တာဝန်ရှိ BRICS ထိပ်တန်း အရာရှိတွေ၊ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တွေနဲ့ သမ္မတပူတင် တွေ့ဆုံခဲ့ပါတယ်။
ပူတင်ဟာ တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ အိန္ဒိယ ဝန်ကြီးချုပ်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေး အဂျစ်ကူမာ ဒိုဗာလ်၊ အီရန်လုံခြုံရေးကောင်စီအတွင်းဝန် အလီအက်ဘာအမာဒီအန်တို့နဲ့လည်း အစည်းအဝေးပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

အဲဒီအစည်းအဝေးပွဲကို ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂေးရှော်ဂူလည်း တက်ရောက်ဆွေး နွေးခဲ့ပါတယ်။
ရုရှားဟာ စိန့်ပီတာစဘတ်မှာ စက်တင်ဘာ ၁၀ ရက်ကနေ ၁၂ ရက်အထိ BRICS အဖွဲ့အစည်းရဲ့ လုံခြုံရေး ဆိုင်ရာ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။
BRICS ဆိုတာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ ပါ၀င်တဲ့ အစိုးရဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့ သိရှိရပါတယ်။