Boeing ရဲ့ ချွတ်ယွင်းနေတဲ့ Starliner အာကာသယာဉ်နဲ့ ဇွန်လမှာ နိုင်ငံတကာ အာကာသစခန်းကို ရောက်ရှိလာတဲ့ NASA အာကာသယာဉ်မှူးနှစ်ဦးကို လာမယ့်နှစ်အစောပိုင်းမှာ SpaceX အာကာသယာဉ်နဲ့ ကမ္ဘာမြေဆီ ပြန်ခေါ်ဖို့ လိုအပ်တယ်လို့ NASA အကြီးအကဲ ဘီလ် နယ်ဆင်က ပြောဆိုခဲ့ပါတယ်။
Starliner ရဲ့ တွန်းကန်အားစနစ်မှာ ပြဿနာတွေ ရှိနေတဲ့အတွက် သူ့ရဲ့ ပထမဆုံးယာဉ်မှူးတွေကို နိုင်ငံတကာ အာကာသစခန်း ISS ကနေ ပြန်လည်သယ်ဆောင်ရေးမှာ အန္တရာယ်ရှိနေပါတယ်။
အာကာသယာဉ်မှူးတွေကို ပြန်သယ်ဆောင်ဖို့ Boeing ရဲ့ ထိပ်တန်း အာကာသပြိုင်ဘက် SpaceX ကို တာဝန်ပေးအပ်ခြင်းဟာ နှစ်များစွာအတွင်း NASA ရဲ့ အကျိုးဆက်အများဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။
Boeing ရဲ့ Starliner စမ်းသပ်ရေးမစ်ရှင်ဟာ ၂၀၁၆ ကထဲက နှစ်ပေါင်းများစွာ ပြဿနာတွေ ရင်ဆိုင်ခဲ့ရပြီး ဘတ်ဂျက်ငွေ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံထက် ကျော်လွန်ခဲ့ပါတယ်။
NASA အာကာသယာဉ်မှူးနှစ်ဦးကို ဇွန် ၅ ရက်က Starliner နဲ့ ပထဆုံး ရှစ်ရက်ကြာ စမ်းသပ်မှုအဖြစ် ISS ဆီ လွှတ်တင်ခဲ့ပါတယ်။
ဒါပေမယ့် Starliner ရဲ့ တွန်းကန်အားစနစ်ဟာ ပထမဆုံး ၂၄ နာရီပျံသန်းမှုကစပြီး ချို့ယွင်းချက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ သူ့ရဲ့ တွန်းအားပေးစက် ၂၈ လုံးအနက် ၅ လုံးဟာ အလုပ်မလုပ်ဘဲ ဟီလီယမ်အမြောက်အမြား ယိုထွက်ခဲ့ပါတယ်။
NASA ရဲ့ အာကာသယာဉ်မှူး လွှတ်တင်မှုမှာ ရှားရှားပါးပါး ပြောင်းလဲမှုအဖြစ် Starliner ရဲ့ယာဉ်မှူးနှစ်ဦးဟာ လာမယ့်လမှာ လွှတ်တင်မယ့် SpaceX ရဲ့ Crew Dragon အာကာသယာဉ်နဲ့ ၂၀၂၅ ဖေဖော်ဝါရီမှာ ပြန်လည် လိုက်ပါရမှာ ဖြစ်ပါတယ်။