ဩစတြေးလျနိုင်ငံမှာ ကယ်ဆယ်ရေးသမားတွေဟာ လူသူအရောက်ပေါက်နည်းတဲ့ ကမ်းခြေတစ်နေရာမှာ သောင်တင်နေတဲ့ ကောင်ရေ(၁၅၀)ကျော်ပါ ဝေလငါး အုပ်တစ်အုပ်ကို အမြန်သွားရောက် ကယ်တင်နေပါတယ်။

false killer whale အမျိုးအစား ဝေလငါး ကောင်ရေ(၁၅၇)ကောင်ဟာ အာသာမြစ်အနီး ပင်လယ်ကမ်းခြေမှာ သောင်တင်နေတယ်လို့ တက်စမေးနီးယား သဘာ၀ရင်းမြစ်နဲ့ပတ်ဝန်းကျင်ရေးရာဌာနက ဗုဒ္ဓဟူးနေ့မှာ သတင်း ထုတ်ပြန်လာတာပါ။ သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးကျွမ်းကျင်သူတွေနဲ့ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက အဲဒီဝေလငါးအုပ်ထဲက ကောင်ရေ(၉၀)လောက်ဟာ အသက်ရှင်နေသေးပြီး သူတို့ကို ပင်လယ်ထဲ ပြန်လွှတ်ပေးဖို့ အတွက် ကယ်ဆယ်ရေးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

တက်စမေးနီးယားဒေသဟာ လွန်ခဲ့တဲ့ နှစ်တွေက စပြီး ဝေလငါး အစုလိုက်အပြုံလိုက်သောင်တင် သေဆုံးမှုဖြစ်စဉ်နဲ့ ကြုံတွေ့လာနေရပါတယ်။ ၂၀၂၀ ပြည့်နှစ် ကလည်း ဩစတြေးလျနိုင်ငံရဲ့ သမိုင်းမှာ အဆိုးဆုံးအဖြစ် ဝေလငါးကောင်ရေ (၅၀၀)နီးပါး သောင်တင်သေဆုံးမှု တစ်ခုနဲ့ ကြုံခဲ့ရပါသေးတယ်။