ကနေဒါဟာ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျတို့အကြား ဖွဲ့စည်းထားတဲ့ AUKUS သဘောတူညီချက်ရဲ့ တိုးချဲမှု တစ်ရပ်အဖြစ် ပါဝင်ဖို့ အသေးစိတ် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကနေဒါ ကာကွယ်ရေးဝန်ကြီး ဘီလ်ဘလဲက ပြောပါတယ်။
ဉာဏ်ရည်တုနဲ့ ကွမ်တမ်ကွန်ပျူတာအပါအဝင် စစ်ဘက်နည်းပညာသစ်တွေမှာ ပူးပေါင်းလုပ်ဆောင်မယ့် AUKUS ရဲ့ ဒုတိယမဏ္ဍိုင်မှာ ပါဝင်လိုတယ်လို့ ကနေဒါက ပြောခဲ့ပြီး အသေးစိတ် အချက်အလက် တွေကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
တိုကျိုကိုရောက်နေတဲ့ ဘလဲဟာ ဂျပန်ကာကွယ်ရေးဝန်ကြီး မီနိုရူကီဟာရာနဲ့ တွေ့ဆုံပြီး ကနေဒါ၊ ဂျပန်နဲ့ တခြားနိုင်ငံတွေ ပါဝင်နိုင်တဲ့ လုပ်ငန်းစဉ်တွေနဲ့ ပလက်ဖောင်းတွေ အကြောင်းကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။
ဘလဲဟာ တောင်ကိုရီးယားကနေ ဂျပန်ကို ဒုတိယအကြိမ် မြောက် ရောက်လာပြီးနောက် AUKUS ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တာပါ။
ကနေဒါဟာ အာရှမှာ ပိုမိုကြီးမားတဲ့ လုံခြုံရေးအခန်း ကဏ္ဍကို ရှာဖွေနေပြီး ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ ပိုမိုနက်ရှိုင်းတဲ့ ဆက်ဆံရေးကို ဦးစားပေးလုပ်ဆောင်ခဲ့ပါတယ်။
ပြည်တွင်းပြည်ပမှာ ကာကွယ်ရေး ကတိကဝတ်တွေ ချဲ့ထွင်လာတာနဲ့အမျှ ကနေဒါရဲ့ စစ်အသုံးစရိတ်ကိုလည်း တိုးသုံးခဲ့တယ်လို့ ဆိုပါတယ်။
ကနေဒါနိုင်ငံရဲ့ ကာကွယ်ရေးဥပဒေမူကြမ်းအရ လာမယ့် သုံးနှစ် ဒါမှမဟုတ် လေးနှစ်အတွင်း ကာကွယ်ရေးစရိတ် သုံးဆတိုးလာမယ်လို့ ဘလဲက ပြောပါတယ်။