ဝယ်လိုအား လျော့နည်းလာတဲ့အတွက် လျှပ်စစ်ကားထုတ်လုပ်မှုကို လျှော့ချပြီး ဈေးကွက်တောင်းဆိုမှု များပြား လာတဲ့ စွမ်းအင်နှစ်မျိုးသုံး ဟိုက်ဘရစ်ကားမော်ဒယ်သစ်တွေ ထုတ်လုပ်မှုကိုပဲ အာရုံစိုက်တော့မယ်လို့ ဟွန်ဒါ မော်တာကုမ္ပဏီက မေလ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ကြောင်း CNA သတင်းမှာ ဖော်ပြထားပါတယ်။

လျှပ်စစ်ကားနဲ့ဆော့ဖ်ဝဲထုတ်လုပ်မှုအတွက် လာမယ့် ၂၀၃၀ ဘဏ္ဍာရေးနှစ်အထိ အရင်ကလျာထားပြီးဖြစ်တဲ့ ဂျပန်ယန်းငွေ ၁၀ ထရီလီယံအထိ ရင်းနှီးမြှုပ်နှံမှုပမာဏကို ယန်း ၇ ထရီလီယံ(ဒေါ်လာ ၄၈ ဒသမ ၄ ဘီလီယံ) အထိ လျှော့ချသွားမှာဖြစ်တယ်လို့ ကုမ္ပဏီစီအီးအိုဖြစ်သူ တိုရှီဟီရို မီဘေးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဈေးကွက်ဝယ်လိုအား ကျဆင်းသွားတာကြောင့် ၂၀၃၀ ပြည့်နှစ်မှာ လျှပ်စစ်ကားရောင်းအားက ရည်မှန်းပမာဏ ဖြစ်တဲ့ ၃၀ ရာခိုင်နှုန်းအောက်ကို ရောက်ရှိသွားမယ်လို့ မျှော်မှန်းထားပြီး စွမ်းအင်နှစ်မျိုးသုံး Hybrids ကားတွေကို တော့ ၂၀၃၀ မှာ အစီးရေ ၂ ဒသမ ၂ သန်းကနေ ၂ ဒသမ ၃ သန်းအထိ ရောင်းချရမယ်လို့ မျှော်မှန်းထားတာ ဖြစ်ပါ တယ်။ ၂၀၂၇ ခုနှစ်ကနေ လေးနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ Hybrids ကားမော်ဒယ်အသစ်ပေါင်း ၁၃ ခု အထိ ထုတ်လုပ်သွားဖို့လည်း ဟွန်ဒါကုမ္ပဏီက စီစဉ်ထားတယ်လို့ သိရပါတယ်။