အင်ဒိုနီးရှားကုန်ပစ္စည်းတွေကို အခွန် ၁၉ ရာခိုင်နှုန်းစည်းကြပ်ဖို့ သဘောတူညီချက်ရပြီလို့ အမေရိကန်သမ္မတ ထရမ့်က ပြောကြားခဲ့တာကို Bangkok Post သတင်းမှာ ဖော်ပြထားပါတယ်။ အခွန်တိုးမြှင့်ကောက်ခံမယ့် သြဂုတ်လ ၁ ရက် မတိုင်ခင်မှာ စေ့စပ်ညှိနှိုင်းရေးမှူးတွေကို ဖိအားပေးဖို့ ပြီးခဲ့တဲ့ အပတ်က ကုန်သွယ်ဖက်နိုင်ငံတွေကို သမ္မတထရမ့်က စည်းကြပ်အခွန်အကြောင်းစာတွေကို ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားနိုင်ငံက ကနဦးမှာ ဓာတ်သတ္တုလုပ်ငန်း၊ စွမ်းအင် လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ကာကွယ်ရေးပစ္စည်းလုပ်ငန်းတွေ အပါအဝင် အမေရိကန်က သွင်းကုန်တွေကို အခွန်လုံးဝ မကောက်ဘူးလို့ အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလမှာ ဆိုင်းငံ့ပေးခဲ့တဲ့ အင်ဒိုနီးရှား ကုန်ပစ္စည်းတွေအတွက် စည်းကြပ်ခွန် ၃၂ ရာခိုင်နှုန်းကို ထရမ့်က လျှော့ချပေးအောင် ဒီအဆိုပြုချက်က မစွမ်းဆောင်နိုင်ခဲ့ပါဘူး။အမေရိကန်က စည်းကြပ်ခွန်တွေကို ဆိုင်းငံ့ပေးထားတဲ့ကာလ နောက်ပိုင်းမှာ ရခဲ့တဲ့ အင်ဒိုနီရှားနဲ့ သဘောတူညီ ချက်က ဗီယက်နမ်၊ ယူကေနဲ့ တရုတ်ပြီးရင် ရခဲ့တဲ့ စတုတ္ထမြောက် သဘောတူညီချက် ဖြစ်ပါတယ်။