သီရိလင်္ကာနိုင်ငံမှာ အမည်ဆိုးနဲ့ ကျော်စောတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ကို ရှေ့နေအဖြစ် ဟန်ဆောင်ထားတဲ့ သေနတ်သမားက တရားခွင်ထဲ ဝင်ရောက်ပစ်သတ်လိုက်ပါတယ်။
အဲ့ဒီသေနတ်သမားဟာ အမျိုုးသမီးတစ်ဦးကိုင်ဆောင်တဲ့ စာအုပ်ထဲမှာ ခြောက်လုံးပြူးသေနတ်ကိုလျှို့ဝှက်ထည့်သွင်းယူဆောင်လာခဲ့တာလို့ ရဲတွေက ပြောပါတယ်။ ခြောက်လုံးပြူးသေနတ်ကို သယ်လို့ရအောင် စာအုပ်ထူထူကို အတွင်းမှာ ခေါင်းပေါက်ထွင်းပြီး သိုဝှက်ခဲ့တဲ့ သံသယတရားခံ အမျိုးသမီးဟာလည်း ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။ လူဆိုးဂိုဏ်းခေါင်းဆောင်ဟာ ဆန်ဂျီး၀ကူမာရ ဆာမာရာရက်နေး ဆိုသူဖြစ်ပြီး တရားခွင်ကို ရဲလုံခြုံရေး အစောင့်တွေနဲ့ ခေါ်ထုတ်လာချိန်မှာ ပစ်သတ်ခံခဲ့ရတာပါ။ သူဟာ လူသတ်မှုအများအပြား အတွက် တရားစွဲဆိုခံထားရတာပါ။ ပစ်ခတ်ခံရပြီး ဆေးရုံကို ပို့ဆောင်စဉ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ပစ်ခတ်လုပ်ကြံသူ သေနတ်သမားဟာ ပစ်ခတ်မှုအပြီး ထွက်ပြေးပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ နောက်ထပ် သံသယတရားခံ အမျိုးသမီးတစ်ဦးကတော့ အသက် (၂၅) နှစ်အရွယ်ရှိသူ ဒီဝက် အစ္စဟာရာ ဆီဝန်ဒီ လို့ ရဲတွေကပြောပါတယ်။ အဲဒီအမျိုးသမီးကို ဖမ်းမိဖို့ သတင်း ပေးနိုင်ရင် ဆုငွေချီးမြှင့်မယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့က ကြေညာထားပါတယ်။ သီရိလင်္ကာမှာ ပြိုင်ဘက် လူဆိုးဂိုဏ်းတွေအကြား အကြမ်းဖက်မှုကြောင့် လုံခြုံရေး ပျက်ပြားမှုတွေဖြစ်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ ပါလီမန်မှာ အတိုက်အခံ အမတ်တွေက အခုလို ဖြစ်စဉ်ဟာ နိုင်ငံအတွက် အရေးတကြီး ကိုင်တွယ်ဖြေရှင်းရမယ့် လုံခြုံရေး ကိစ္စရပ်လို့ ဆိုပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြပါတယ်။