ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ရုရှား-ယူကရိန်းစစ်ထဲမှာ မြောက်ကိုရီးယားပါနေတာကို တရုတ်က မတားဆီးရင် နေတိုးအဖွဲ့အနေနဲ့ အာရှမှာ နက်နက်ရှိင်းရှိင်း ပါ၀င်လာနိုင်ကြောင်း သတိပေးပြောဆိုလိုက်တာကို NBC သတင်းမှာ ရေးထားပါတယ်။

“ ယူကရိန်းမှာ မြောက်ကိုရီးယားပါနေတာ ကျနော်တို့အားလုံးအတွက် မေးခွန်းတစ်ခုပါ။ တရုတ်က နေတိုးကို အရှေ့တောင်အာရှမှာ မပါဝင်စေလိုဘူးဆိုရင် မြောက်ကိုရီးယားကို ဥရောပမြေပေါ်မှာ ပါဝင်တာကို တားဆီးသင့် ပါတယ်” လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြောပါတယ်။ ပြင်သစ်ဟာ နေတိုးစစ်ရေးမဟာမိတ်အဖွဲ့အနေနဲ့ အာရှကို နယ်ပယ်ချဲ့ထွင်တာ မပြုလုပ်သင့်ဘူးလို့ အစဉ်တစိုက် ပြောနေသူ ဖြစ်ပါတယ်။ “ကျတော်က နေတိုးရဲ့ အာရှမှာ အခန်းကဏ္ဍရှိတယ်ဆိုတာကို ကန့်ကွက်ခဲ့ပါတယ်။ တခြားသူတွေရဲ့ မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုမှာ ပါဝင်တာကို မယုံကြည်လို့ပါ” လို့လည်း မက်ခရွန်က ပြော ကြားခဲ့ပါတယ်။

ရုရှားက မြောက်ကိုရီးယားစစ်သားတွေကိုသုံးပြီး ရုရှားအနောက်တောင်ပိုင်း ကာစ့်ခ်ဒေသက ယူကရိန်းတပ်ဖွဲ့တွေ ကို မောင်းထုတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ပြင်သစ်သမ္မတရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စင်ကာပူနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ပြစ်တင်ရှုတ်ချလိုက်ပြီး “တရုတ်တိုင်ပေ ပြဿနာကို ယူကရိန်းကိစ္စနဲ့ နှိုင်းယှဉ်တာ လုံးဝ လက်ခံစရာမရှိဘူး။ သဘောသဘာ၀ကွဲပြားပြီး လုံးဝနှိုင်းယှဉ်လို့ မရဘူး”လို့ သံရုံးဖေ့ဘုတ်စ် စာမျက်နှာမှာ ရေးသားကန့်ကွက်ခဲ့ပါတယ်။