ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးလ်အပေါ် စစ်ဆေးကြားနာမှုကို ကြာသပတေးနေ့မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီအတွက် ယွန်းဟာ တောင်ကိုရီးယားသမိုင်းမှာ ရာဇဝတ်မှု ဆိုင်ရာ စစ်ဆေးကြားနာမှုနဲ့ ရင်ဆိုင်ရတဲ့ ပထမဆုံးသမ္မတ ဖြစ်လာခဲ့ပါတယ်။ အသက်(၆၄)နှစ်အရွယ် အစိုးရ ရှေ့နေဟောင်းလည်းဖြစ်တဲ့ ယွန်းဟာ မအောင်မြင်တဲ့ မာရှယ်လော ထုတ်ပြန်မှုအတွက် ပြီးခဲ့တဲ့လတုန်းက ဖမ်းဆီးစွဲချက်တင်ခံရပြီးနောက် အချုပ်ကျခံနေရတာပါ။

အဲဒီ မာရှယ်လောထုတ်ပြန်မှုအတွက် စွဲချက်တင် ထားတဲ့အမှုမှာ ပြစ်မှုထင်ရှားရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ် တစ်သက် ကျခံရဖွယ်ရှိနေပါတယ်။ သူ့အပေါ် တရားခွင်စစ်ဆေးကြားနာမှုကို ကြာသပတေးနေ့ ဒေသစံတော်ချိန် မနက်(၁၀)နာရီမှာ ဆိုးလ်မြို့တော် အလယ်ပိုင်းခရိုင်တရားရုံးမှာ စတင်ကြားနာခဲ့ပါတယ်။ တရားခွင်ကို ယွန်းတက်ရောက်လာချိန်မှာ တရားခွင်ထဲ လူသူပြည့်ကြပ်နေခဲ့သလို တရားရုံးအဆောက်အဦတစ်ဝိုက်မှာလည်း လုံခြုံရေးတွေ ထူထပ်စွာ ချထားတာကို တွေ့ရပါတယ်။

လုံခြုံရေးဧရိယာပြင်ပမှာ ယွန်းကို ထောက်ခံသူတွေထဲက တစ်ယောက်က Captain America ဇာတ်ကောင်အတိုင်း ဝတ်စားဆင်ယင်ပြီး ရှိနေခဲ့တာကိုလည်း တွေ့ရပါတယ်။ အစိုးရရှေ့နေတွေက ယွန်းဟာ ပုန်ကုန်မှုကို ဦးဆောင်ခဲ့သူအဖြစ် စွပ်စွဲထားပါတယ်။ ဒါပေမဲ့ သူရဲ့ ရှေ့နေတွေကတော့ အခုအစိုးရကလုပ်နေတဲ့ စုံစမ်းစစ်ဆေးမှုဟာ အစကတည်းက တရားဝင်မှု မရှိဘူးလို့ ငြင်းချက်ထုတ်ထားပါတယ်။ ဒါ့အပြင် မာရှယ်လော ကို ထုတ်ပြန်ခွင့်ဟာ နိုင်ငံ့အကြီးအကဲတစ်ယောက်အနေနဲ့ သူ့လုပ်ပိုင်ခွင့်ဘောင်ထဲမှာ ရှိနေတယ်ဆိုပြီးတော့ ယွန်းအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေက ဥပဒေအရ ဘယ်လောက်ထိ ခိုင်မာမှုရှိသလဲဆိုတာကိုလည်း ယွန်းရဲ့ ရှေ့နေတွေက စိန်ခေါ်မေးခွန်းထုတ်ထားပါတယ်။