မလေးရှားဝန်ကြီးချုပ် အန်နဝါအီဘရာဟင်ရဲ့ငါးနှစ်တာသက်တမ်းတစ်ဝက်ကို ရောက်ရှိလာချိန်မှာ သူ့ကို ထောက်ခံမှုတွေ မြင့်တက်လာတယ်လို့ The Straits Times သတင်းက ဖော်ပြထားပါတယ်။သူ့ကိုထောက်ခံမှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ၅၄ ရာခိုင်နှုန်းသာရှိပြီး အခုနှစ် မေလမှာ တော့ ၅၅ ရာခိုင်နှုန်းအထိ ရှိလာတာဖြစ်ပါတယ်။

ဒီလိုမြင့်တက်လာပေမယ့် နိုင်ငံရဲ့ ဦးတည်ချက်နဲ့ပတ်သက်လို့ အဆိုးမြင်မှုတွေ ရှိနေသေးတယ်လို့ လူထုစစ်တမ်းကောက်ယူတဲ့ မာဒီကာစင်တာက ပြောကြားထားပါတယ်။ စစ်တမ်းကောက်ယူမှုအရ အမေရိကန်ရဲ့အကောက်ခွန်ပြဿနာတွေကြောင့် စီးပွားရေးအတွက် စိတ်ပူနေသူတွေ ရှိသလို နေထိုင်မှုစရိတ် မြင့်တက်မှုတွေကို စိုးရိမ်နေကြတာလည်း ရှိပါတယ်။ စစ်တမ်းဖြေကြားသူ သုံးပုံတစ်ပုံ လောက်ကတော့ငွေကြေးဖောင်း ပွမှုကို အစိုးရိမ်ဆုံး ဖြစ်တယ်လို့ ပြောကြားထားကြပါတယ်။

ကက်ဘိနက်အဖွဲ့မှာတော့ အန်နဝါဦးဆောင်တဲ့ People’s Justice Party ဟာ မဲလိမ်မှုတွေနဲ့ ဆွေမျိုးကောင်းစား ရေးတွေ လုပ်ဆောင်နေတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ပါတီတွင်းရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း မေလ ၂၈ ရက်မှာ အရေးပါတဲ့ ဝန်ကြီးနှစ်ယောက် နုတ်ထွက်မှုကြောင့် လှုပ်ခတ်မှုတွေလည်း ရှိနေပါတယ်။