အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC)က ဖမ်းဝရမ်းထုတ်ထားတဲ့ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို မတ် ၁၁ ရက် မနက်ပိုင်းက မနီလာလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီလို့ BBC သတင်းက ဖော်ပြပါတယ်။ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲ” ကို ဆင်နွှဲခဲ့ရာမှာ လူ ၃၀,၀၀၀ ကျော် ဥပဒေပ သေဆုံးစေခဲ့မှုအတွက် ဒူတာတေးကို ICC က အလိုရှိနေခဲ့တာပါ။

ဟောင်ကောင်ကနေ လေယာဉ်နဲ့ပြန်လာတဲ့ ဒူတာတေးကို ထိန်းသိမ်းလိုက်ကြောင်းနဲ့ ICC ဆီကနေ ဖမ်းဝရမ်း တရားဝင်မိတ္တူရရှိခဲ့အပြီးမှာ ထိန်းသိမ်းလိုက်တာဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးကလည်း အတည်ပြုခဲ့ပါတယ်။ အသက် ၇၉ နှစ်ရှိပြီဖြစ်တဲ့ ဒူတာတေးဟာ သူ့ကို ဖမ်းဝရမ်းထုတ်တော့မယ်လို့ သတင်းကြားတဲ့ မတ် ၉ ရက် ကတည်းက “ဘဝမှာ ဒါက သူ့ကံကြမ္မာဆိုလည်း အဆင်ပြေပြီး လက်ခံကြောင်းနဲ့ သူတို့လုပ်နိုင်တာ ဘာမှမရှိဘူး” ဆိုပြီး ပြောထားခဲ့တာဖြစ်ပါတယ်။သူသမ္မတဖြစ်ပြီးကတည်းက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံချက်နဲ့ ပတ်သက်ပြီး အရပ်သား ၁၂,၀၀၀ ကနေ ၃၀,၀၀၀ အထိ အသတ်ခံခဲ့ရတယ်လို့ ICC က ကိုးကားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

သေဆုံးသူ အများစုဟာ မြို့ပြဆင်းရဲသားရပ်ကွက်တွေက အမျိုးသားတွေဖြစ်ပြီး လမ်းမပေါ်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ တိုက်ခိုက်သူတွေရဲ့ ပစ်သတ်ခံခဲ့ကြရတာဖြစ်ပါတယ်။ICC ရဲ့ စုံစမ်းစစ်ဆေးမှုထဲမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကနေ ၂၀၁၆ ခုနှစ် ဇွန်လအတွင်း မူးယစ်တိုက်ဖျက်ရေး ရည်ရွယ်တဲ့ ဥပဒေပ သတ်ဖြတ်မှုတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒါဗာအိုမြို့တော်ဝန်အဖြစ် ဒူတာတေး တာဝန်ယူစဉ်က လုပ်ဆောင်ခဲ့တဲ့ အလားတူ မူးယစ်နှိမ်နင်းမှုတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။