ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှာ အပျော်စီးလှေ တစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး အများ အပြား ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ဖော်ပြပါတယ်။

မနေ့က ဇူလိုင် ၁၉ ရက်၊ ဒေသစံတော်ချိန် နေ့လယ် ၂ နာရီ ဝန်းကျင်မှာ ဗီယက်နမ်မြောက်ပိုင်းက နာမည်ကျော် ခရီးသွား နေရာတစ်ခုဖြစ်တဲ့ ဟာလုံပင်လယ်အော်အနီးမှာ ရာသီဥတု ဆိုးရွားပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် အခုလို လှေ တိမ်းမှောက်ခဲ့တာပါ။Wonder Seas လို့ အမည်ရတဲ့ ဒီသင်္ဘောပေါ်မှာ ခရီးသည် ၅၃ ဦး ပါဝင်ပြီး ခရီးသည်အများစုက မြို့တော် ဟနွိုင်းကနေ လာရောက် လည်ပတ်တဲ့ မိသားစုတွေ ဖြစ်ပါတယ်။လက်ရှိမှာ အသက်ရှင်သူ ၁၁ ယောက်ကို ကယ်ဆယ်ထားနိုင်ပြီး မိုးသည်းထန်မှုကြောင့် ကျန်တဲ့ အသက်ရှင်သူတွေကို ရှာဖွေ ကယ်ဆယ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ မနေ့က ညပိုင်းမှာပါ ဆက်ဆောင်ရွက်နေပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် တွေလည်း ပါဝင်တယ်လို့ ဗီယက်နမ်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ပါတယ်။ဗီယက်နမ် ဝန်ကြီးချုပ်က ဒီဖြစ်စဉ်မှာ သေဆုံးသူတွေအတွက် ဝမ်းနည်းကြောင်း သက်ဆိုင်သူ မိသားစုတွေကို ပြောခဲ့ ပါတယ်။အာဏာပိုင်တွေက လှေတိမ်းမှောက်ရတဲ့ အကြောင်းအရင်းတွေကို စုံစမ်းစစ်ဆေးမှု ဆက်လုပ်နေပါတယ်။ဟာလုံပင်လယ်အော်ဟာ ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့လှည့် ခရီးသည် ၄ သန်း လောက် လာရောက်လည်ပတ်ခဲ့ပါတယ်။