ဗီယက်နမ်မှာ မွေးဖွားနှုန်းကျဆင်းလာတဲ့အတွက် ၁၉၈၈ ခုနှစ်တုန်းက ကျင့်သုံးခဲ့တဲ့ တစ်မိသားစု ကလေး နှစ်ယောက်နှုန်းသာ မွေးဖွားခွင့်ပေးတဲ့မူဝါဒကို ဖျက်သိမ်းတော့မှာဖြစ်ကြောင်း The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

ဗီယက်နမ်အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီက ဇွန်လ ၃ ရက်မှာ ခွင့်ပြုထားတဲ့ စည်းမျဉ်းအသစ်အရ စုံတွဲတွေဟာ ဘယ်အချိန်ကလေးယူမလဲ၊ ဘယ်နှယောက်ယူမှာလဲ၊ ကလေးတစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ခြားယူမလဲ အစရှိတာတွေကို ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေးတွေ ရရှိသွားမှာဖြစ်တယ်လို့ ဗီယက်နမ်သတင်း အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။အရင်ဥပဒေတုန်းကတော့ ထူးခြားတဲ့အခြေအနေမျိုးကလွဲလို့ တစ်မိသားစုကို ကလေးတစ်ယောက် ဒါမှမဟုတ် နှစ်ယောက်နှုန်းသာ ယူခွင့်ရှိတာပါ။

အဲဒီကန့်သတ်မှုကို ၁၉၈၈ ခုနှစ်တုန်းက စတင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက အမျိုးသမီးတစ်ယောက်မှာ ကလေး ၄ ယောက်အထက် မွေးဖွားနှုန်း ရှိနေခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်ဟာ သက်ကြီးရွယ်အိုတွေ တိုးပွားတဲ့ အခြေအနေကို ရောက်ရှိနေပြီး ဒီဖြစ်စဉ်ဟာ အနှစ် ၂၀ အတွင်း အလျင်အမြန် အပြောင်းအလဲတွေ ဖြစ်ပေါ်လာတော့မယ်လို့ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ပြောဆိုထားပါ တယ်။