စီဘူမြို့လယ်အနီး ညဘက်လေ့ကျင့်ပျံသန်းတဲ့ စစ်ဆင်ရေးတစ်ခုအတွင်း FA-50 တိုက်လေယာဉ်တစ်စင်းဟာ လိုက်ပါသွားတဲ့ လေတပ်စစ်မှုထမ်းတွေနဲ့အတူ ပျောက်ဆုံးသွားကြောင်း ဖိလစ်ပိုင်လေတပ်က မတ်လ ၄ ရက်မှာ သတင်းထုတ်ပြန်ထားတာကို ကိုးကားပြီး CNA သတင်းမှာ ဖော်ပြပါတယ်။

ထိုင်ခုံနှစ်ခုပါတဲ့ အဲဒီဂျက်တိုက် လေယာဉ်ဟာ လေ့ကျင့်ရေးပျံသန်းနေစဉ် ပစ်မှတ်နေရာမရောက်ခင် တခြားတိုက်လေယာဉ်တွေနဲ့ရော၊ မြေပြင် အခြေစိုက်စခန်းနဲ့ပါ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ ဖိလစ်ပိုင်လေတပ်(PAF) ရဲ့ သတင်းထုတ်ပြန် ချက်ထဲမှာ ဖော်ပြထားပါတယ်။ အဲဒီတိုက်လေယာဉ်အုပ်စုဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ စီဘူမြို့ရှိ လေဆိပ်နဲ့ ပြေးလမ်းတစ်ခုပါ လေတပ်အခြေစိုက်စခန်းတစ်ခုကနေ စတင်ပျံသန်းခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်လေတပ်ကတော့ ပျောက်ဆုံးသွားတဲ့ဂျက်တိုက်လေယာဉ်ကို ရှာဖွေရေးအတွက် ရရှိနိုင်တဲ့ အရင်းအမြစ် အားလုံးကို အသုံးပြုပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားလုပ်ဆောင်နေပါတယ်။ ဖိလစ်ပိုင်လေတပ်ဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တောင်ကိုရီးယားက ဝယ်ယူခဲ့တဲ့ FA-50 တိုက်လေယာဉ် ဆယ်ဂဏန်းမျှအတွက် တပ်ဖွဲ့ တစ်ဖွဲ့ကို တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။