ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ဟနွိုင်ခရီးစဉ်အတွင်း ပြင်သစ်နဲ့ ဗီယက်နမ်တို့ဟာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ဖိုးရှိတဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သဘောတူညီချက်တွေထဲမှာ အဲဘတ်စ်လေယာဉ်အစင်း ၂၀ အရောင်းအဝယ် အပါအဝင် ကာကွယ်ရေးနဲ့ အခြား သဘောတူညီချက်တွေလည်း လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။ မက်ခရွန်ဟာ ဆယ်စုနှစ် တစ်ခုနီးပါး အတွင်း ပြင်သစ်သမ္မတတစ်ဦးရဲ့ ပထမဆုံး တရားဝင် ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါ တယ်။

ပြင်သစ်ဟာ သူ့ရဲ့ အရင်ကိုလိုနီနယ်မြေဖြစ်ခဲ့တဲ့ ဗီယက်နမ်ပြည်တွင်းမှာ သူ့သြဇာလွှမ်းမိုးမှုကို တိုးမြှင့်ဖို့ ကြိုးစားနေတာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အမေရိကန်ရဲ့ စည်းကြပ်ခွန်တွေကြောင့် နစ်နာနိုင်တဲ့ ခြိမ်းခြောက်မှု တွေနဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ လာမယ့်ဇွန်လကစပြီး ဥရောပသမဂ္ဂ(EU) ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်း ကောက်ခံတော့မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့တာကြောင့် နိုင်ငံပေါင်း ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂ အဖွဲ့နဲ့ ဝါရှင်တန်တို့ကြား တင်းမာမှုတွေ သိသိသာသာ တိုးလာခဲ့ပါတယ်။