အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုကြောင့် မရေမရာဖြစ်နေတဲ့ အခြေအနေကို ဟန်ချက်ညီအောင်ထိန်းဖို့ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့ဟာ ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေး ခိုင်မာစေဖို့ ကြိုးပမ်းနေချိန် ပြင်သစ်သမ္မတ မက်ခရွန်ဟာ မေလ ၃၁ ရက်က အာရှကို ရောက်ရှိလာခဲ့ကြောင်း CNBC သတင်းမှာ ရေးသားထားပါတယ်။

အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အကြား အားပြိုင်မှုဟာ လက်ရှိကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအန္တရာယ်ဖြစ်နေပြီး ပြင်သစ်နဲ့ အင်ဒို-ပစိဖိတ် မဟာမိတ်တွေအကြား ပေါင်းစည်းမှုအသစ် တည်ဆောက်ထားဖို့လိုပြီလို့ ပြင်သစ်သမ္မတ မက်ခရွန်က ပြောပါတယ်။“ရှင်းရှင်းပြောရရင် ပြင်သစ်နဲ့ အမေရိကန်ဟာ မိတ်ဆွေတွေ ဖြစ်သလို မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။ တရုတ်ကလည်း ပြင်သစ်ရဲ့ မိတ်ဆွေဖြစ်ပြီး တစ်ခါတစ်ရံမှာ သဘောထားမတိုက်ဆိုင်တာတွေ၊ ပြိုင်ဆိုင်တာတွေ ရှိပေမဲ့ တရုတ်နဲ့လည်း ပူးပေါင်းဆောင်ရွက်တယ်”လို့ ပြင်သစ်သမ္မတ မက်ခရွန်က စင်ကာပူနိုင်ငံကို နှစ်ရက်ကြာ ခရီးစဉ် ရောက်လာချိန် Shangri-La Dialogue အာရှထိပ်တန်းလုံခြုံရေးဖိုရမ်မှာ ပြောခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့လည်း အရှေ့တောင်အာရှ ဒါမှမဟုတ် အာရှမှာ NATO ရဲ့ အခန်းကဏ္ဍ ကျယ်ပြန့် လာတာကို မလိုလားဘူးဆိုရင် ယူကရိန်း-ရုရှား စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်ပတ်သက်မှုကို တားဆီးသင့် တယ်လို့ သူက ဆက်ပြောပါတယ်။ တစ်ဆက်တည်းမှာ စစ်ဒဏ်ခံနေရတဲ့ ဂါဇာကမ်းမြောင်ဒေသကို လျစ်လျူရှုပြီး အစ္စရေးကို စိတ်ကြိုက်လုပ်ဆောင်ခွင့် ပေးထားတာကလည်း ကမ္ဘာ့နိုင်ငံတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးစေတယ်လို့ လည်း မက်ခရွန်က ပြောဆိုခဲ့ပါတယ်။