မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တော်တော်များများကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့ကြောင်း မတ်လ ၁၁ရက်နေ့က တောင်ကိုရီးယားဘက်ကပြောကြားကြောင်း CNN သတင်းမှာဖေါ်ပြထားပါတယ်။တောင်ကိုရီးယားနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ၁၁ ရက် ကြာ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ မတ်လ ၁၁ရက်နေ့ တနင်္လာနေ့အစောပိုင်းမှာ စတင်ပြီး နာရီပိုင်း အကြာမှာပဲ မြောက်ကိုရီးယားက ဒုံးကျည်တွေစမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားက ဒီနှစ်အတွင်း ဒုံးကျည်စမ်းသပ်တာ (၅)ကြိမ်ရှိနေပြီဖြစ်ပြီး စမ်းသပ်မှုတွေ ကို Hwanghae(ဝှန်ဟေး)ပြည်နယ်ကနေ ပင်လယ်ထဲပစ်လွှတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး ချုပ်ရုံးကပြောပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်က တောင်ကိုရီး ယားနဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း နယ်စပ် ပိုချွန်း(Pocheon)မြို့အရပ်သားတွေနေတဲ့ နေရာတစ်ဝိုက်မှာ တိုက်လေယာဉ်တွေက မြေပုံညွှန်းမှားပြီး ဗုံးကြဲခဲ့ပြီးတဲ့နောက် စစ်ရေးလေ့ကျင့်မှုတွေကို ခေတ္တရပ်ထားပြီး မတ်လ ၁၁ရက်နေ့မှာ ပြန်လည်စတင်တာဖြစ်ပါတယ်။

နှစ်စဉ် Freedom Shield စစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ဒေသအတွင်း စစ်ရေးလေ့ကျင့်တိုက်လေယာဉ် (၂) စင်းက MK-82 ဗုံး (၈) လုံး မတော်တဆ မှားပြီးကြဲမိခဲ့တဲ့အတွက် အနည်းဆုံး လူ (၃၀) လောက် ဒဏ်ရာရခဲ့ပါတယ်။ မြောက်ကိုရီးယားကတော့ ဒီလိုစစ်ရေးလေ့ကျင့်မှုကို ကျူးကျော်ရန်စမှုအဖြစ် ရှုမြင်သလို ကိုရီးယားကျွန်းဆွယ်အတွင်း ရန်လိုပြီး ထိပ်တိုက်ပဋိပက္ခတွေဖြစ်ပေါ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့စစ်ရေးလေ့ကျင့်မှုအဖြစ် ပြစ်တင်ဝေဖန်ထားပါတယ်။