ကမ္ဘောဒီးယားအစိုးရက ထိုင်းနဲ့နှစ်ဖက်ထိတွေ့မှုတွေ စတင်ခဲ့တဲ့ ဇူလိုင် ၂၄ ရက်ကစလို့ ဖြစ်စဉ်တွေကို ထုတ်ပြန် လာပါတယ်။ ဇူလိုင် ၂၄ ရက်မှာ ထိုင်းက Ta Moan Thom ဘုရားကျောင်းမှာ တိတ်တဆိတ် ခြံစည်းရိုးခတ်ပြီး ရန်လိုစွာနဲ့ပဲ အပြန်အလှန် သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့တယ်လို့ ကမ္ဘောဒီးယားက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ထိုင်းရဲ့ဒရုန်းတွေဟာ ၂ မိနစ်လောက် ပျံဝဲပြီးတဲ့နောက် ကောင်းကင်ကို ချိန်ရွယ်ပြီး ပစ်ခတ်မှုတွေ စတင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့ကြောင့် ထိုင်းစစ်တပ်ရဲ့ ရန်လိုတဲ့ပြုမူမှုတွေကြောင့် ကမ္ဘောဒီးယားက မလွှဲသာ မရှောင်သာ ခုခံခဲ့တယ်လို့ ဆိုပါတယ်။ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခ ဖြစ်ပွားမှုဟာဆိုရင် ဒီကနေ့ ဇူလိုင် ၂၅ ရက်မှာ ဒုတိယမြောက်နေ့ကို ရောက် လာခဲ့ပြီ ဖြစ်ပါတယ်။ ထိုင်းဘက်ခြမ်း ဆူရင်ခရိုင်ရဲ့ နေရာတချို့မှာတော့ ဒီကနေ့ မနက်ပိုင်းအထိ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အရပ်သားသေဆုံးသူ ၁၃ ယောက်နဲ့ ထိခိုက်သူ ၃၂ ယောက်အထိ ရှိလာပြီလို့လည်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။