သမ္မတဟောင်း ယွန်းဆွတ်ယိုးကို ရာထူးက ဖယ်ရှားပြီးနောက် ဇွန်လ ၃ ရက်နေ့မှာတော့ တောင်ကိုရီးယား သမ္မတသစ်ရွေးကောက်ပွဲပြုလုပ်နေပြီး သန်းနဲ့ချီတဲ့ တောင်ကိုရီးယားပြည်သူတွေ ဆန္ဒမဲပေးနေကြပါတယ်။နိုင်ငံတကာသတင်းဌာနတွေက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဇွန်လ၃ရက် နေ့လယ်ပိုင်းအထိ မဲပေးပိုင်ခွင့်ရှိသူ ၄၄ သန်းကျော်ထဲက ၆၅ ဒသမ ၅ ရာခိုင်နှုန်းက ဆန္ဒမဲပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမှု ရာခိုင်နှုန်းက ပြီးခဲ့တဲ့ ၂၀၂၂ ရွေးကောက်ပွဲကထက် သိသိသာသာ ပိုများတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း လီဂျေးမြောင်က အနိုင်ရဖို့အတွက် ရေပန်းစားနေပြီး သူ့နောက်မှာ ကွန်ဆာဗေးတစ်ပါတီက ကင်မွန်းဆူးကလည်း ဒုတိယ လူကြိုက်အများဆုံး ဖြစ်ပါတယ်။အသစ်တက်လာမယ့် သမ္မတဟာ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီစံနှုန်းတွေကို ထိန်းသိမ်းရမယ့်အပြင် အမေရိကန်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေ ရရှိနိုင်ဖို့၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အင်အားကြီး အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ဆက်ဆံရေးကိုလည်း အဖြေရှာရဖွယ် ရှိတယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အတွက် သမ္မတဟောင်း ယွန်းဆွတ်ယိုးဟာ စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ရာထူးကနေ ဖယ်ရှားခံခဲ့ရတာဖြစ်ပါတယ်။