တောင်ကိုရီးယားမှာ လက်ရှိဖြစ်ပွားနေတဲ့ တောမီးလောင်ကျွမ်းမှုတွေဟာ နိုင်ငံသမိုင်းမှာ အသေအပျောက် အများဆုံး တောမီးတွေ အနေနဲ့ မှတ်တမ်းဝင်လာပါတယ်။ တောမီးတွေကြောင့် အသေအပျောက် ကိန်းဂဏန်းဟာ ၂၄ နာရီအတွင်း အယောက် ၂၀နီးပါး တိုးလာပြီး မတ်လ ၂၆ ရက် မနက်ပိုင်းမှာ ၂၄ ယောက်ထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာပြင်းထန်သူ ၂၆ ယောက်ကိုလည်း ဆေးရုံတင်ထားရပြီး ၁၂ ယောက်က အခြေအနေ စိုးရိမ်ရပါတယ်လို့ Reuters သတင်းမှာဖော်ပြထားပါတယ်။

တောမီးတွေဟာ အူဆွန်မြို့ထဲက နှစ်ပေါင်း ၁၃၀၀ သက်တမ်းရှိတဲ့ ဂွန်ဆာ ဘုရားကျောင်းကိုလည်း ဖျက်ဆီး ဝါးမြိုခဲ့ပြီး အဲဒီနေရာကယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေကို အမြန်ဆုံး ရွှေ့ပြောင်းထားခဲ့ရပါတယ်။တောင်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းမှာရှိတဲ့ ဂွမ်ဆန်း ပြည်နယ်ထဲက အူဆွန်ခရိုင်မှာ အပြင်းထန်ဆုံး တောမီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေတာပါ။ လက်ရှိ တောင်ကိုရီးယား ယာယီ သမ္မတ ဟန်ဒက်ဆူက ရင်ဆိုင်နေရတဲ့ သဘာဝ ဘေးဆိုးဟာ မကြုံစဖူး အဆင့်မျိုးကို ရောက်ရှိနေပြီး သမိုင်းမှတ်တမ်းတွေကို အသစ်ပြန်ရေးရတော့မယ်လို့လည်း ပြောကြားခဲ့ပါတယ်။