မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ သူ့ရဲ့နောက်ဆုံးပေါ်စစ်သင်္ဘောအတွက် လက်နက်စနစ်သစ်ကို စမ်းသပ်ပြီးနောက် တစ်ပတ်ဝန်းကျင်အကြာ မေလ ၈ ရက်မှာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်ပစ်ခတ် ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။တာတိုပစ်ပဲ့ထိန်းဒုံးကျည်လို့ ယူဆရတဲ့ ဒုံးကျည်တချို့ကို ထောက်လှမ်းမိခဲ့တယ်လို့ တောင်ကိုရီးယား တပ်မတော် စစ်ဦးစီးချုပ်အဖွဲ့က ပြောကြားခဲ့တာပါ။

ကျွန်တော်တို့ရဲ့စစ်တပ်က တောင်ကိုရီးယားနဲ့အမေရိကန်ပေါင်းစည်းထားတဲ့ ကာကွယ်ရေးစနစ်အောက်မှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ မပြုလုပ်မိစေဖို့အတွက် မြောက်ကိုရီးယားရဲ့လှုပ်ရှားမှုတွေကို အသေးစိတ် စောင့်ကြည့်နေပါတယ်လို့ ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားထားပါတယ်။မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ နှစ်အတွင်းက ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကို ချိုးဖောက်ပြီး ဒုံးကျည် အမျိုးမျိုးကို အများအပြား ပစ်ခတ်ခဲ့ပါသေးတယ်။ အနုမြူလက်နက်ရှိတဲ့ မြောက်ကိုရီးယားဟာ ယူကရိန်းနဲ့ တိုက်ပွဲမှာသုံးဖို့အတွက် ရုရှားကို လက်နက်တွေ တင်ပို့ဖို့ စမ်းသပ်နေတာဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေ က သတိပေးထားပါတယ်။

မြောက်ကိုရီးယားဟာ မတ်လအစောပိုင်းက Freedom Shield လို့ လူသိများတဲ့ နှစ်စဉ် ပူးပေါင်းစစ်ရေးလေ့ကျင့် တဲ့ တစ်နေ့တည်းမှာ အမျိုးအမည်မသိ ပဲ့ထိန်းဒုံးကျည် များစွာကို ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။နှစ်နိုင်ငံဆက်ဆံရေးတင်းမာလာမှုတွေကြောင့် မြောက်ကိုရီးယားဘက်က တောင်ကိုရီးယားနဲ့ ဆက်သွယ်ထားတဲ့ ကားလမ်းတွေနဲ့ရထားလမ်းတွေကို ပြီးခဲ့တဲ့နှစ်က ဖောက်ခွဲဖျက်ဆီးပစ်ခဲ့သလို နယ်စပ်ဧရိယာတွေကိုလည်း မြေမြုပ်မိုင်းတွေ ထပ်ချပြီး အင်အားတိုးမြှင့်ခဲ့ပါတယ်။