လာမယ့် ဇွန်လ ၃ ရက်မှာ တောင်ကိုရီးယားမှာ သမ္မတသစ်ကို မဲပေး ရွေးချယ် တင်မြှောက်ကြတော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း ယွန်းဆွတ်ယိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအာဏာရှိစဉ်ကတိုင်းပြည်မှာ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် ၆ နာရီ အကြာမှာ ပြန်ရုပ်သိမ်းခဲ့တဲ့ဖြစ်စဉ်ကြောင့် သူ့နေရာကို အစားထိုးဖို သမ္မတသစ် ရွေးကြမှာဖြစ်ကြောင်း NBC သတင်းမှာဖော်ပြထားပါတယ်။အနိုင်ရသူဟာ မစ္စတာယွန်းရဲ့ ဆောင်ရွက်ချက်တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး မတည်မငြိမ် ဖြစ်နေတဲ့ တောင်ကိုရီးယားကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်။

တိုင်းပြည်ဟာ နိုင်ငံရေးကမောက်ကမဖြစ်ခဲ့ပြီး လူမှုအသိုက်အဝန်းအတွင်းမှာလည်း နက်နက်ရှိင်းရှိင်း စိတ်ဝမ်းကွဲပြားမှုတွေ ပေါ်ပေါက်နေပါတယ်။တစ်ချိန်တည်းမှာ ကာလရှည်ကြာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက အိမ်နီးချင်း မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုအပြင် တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ကလေးမွေးဖွားမှု အနိမ့်ဆုံး အခြေအနေကိုလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။