အမေရိကန်ပြည်ထောင်စုနဲ့တောင်ကိုးရီးယားတို့ လာမယ့် သြဂုတ်လ ၁၈ ရက်မှာ နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုလုပ်ဆောင်ဖို့စီစဉ်ထားပေမယ့် မြောက်ကိုးရီးယားဘက်က ဒေါသတကြီးတုံ့ပြန်လာမယ့်အရေးကို ရှောင်ရှားတဲ့အနေနဲ့ ပုံမှန်ထက် ပိုမိုအေးဆေးပြေလျော့တဲ့အနေအထားနဲ့ပဲ စစ်ရေးလေ့ကျင့်သွားမှာဖြစ်တယ်လို့ The Korea Times သတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ကွန်ပျူတာနဲ့ပုံစံတူလေ့ကျင့်မှုကို အစီအစဉ်အတိုင်းဆက်လက်လုပ်ဆောင်မှာဖြစ်ပေမယ့် ကျည်အစစ်နဲ့ကွင်းဆင်းလေ့ကျင့်မှုပေါင်း ၃၀ ကနေ ၄၀ အထိကိုတော့ ရွှေ့ဆိုင်းထားမယ်လို့ဆိုပါတယ်။အပူလှိုင်းရှိနေတာကြောင့် ကျည်အစစ်နဲ့ပစ်ခတ်လေ့ကျင့်မှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ တာဝန်ရှိသူတွေကအကြောင်းပြကြပေမယ့် ဒီစစ်ရေးလေ့ကျင့်မှုအပေါ် မြောက်ကိုးရီးယားရဲ့အစဉ်တစိုက်ကန့်ကွက်နေမှုကိုလည်း ထည့်သွင်းစဉ်းစားထားဖွယ်ရှိတယ်လို့ယုံကြည်နေကြပါတယ်။ပြီးခဲ့တဲ့ ဩဂုတ်လ ၇ ရက်နေ့က ထုတ်ပြန်လိုက်တဲ့နှစ်နိုင်ငံကြေငြာချက်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၁၀ ရက်တာ လုပ်ဆောင်သွားမှာဖြစ်ပြီး မကြာသေးခင်ကကမ္ဘာမှာဖြစ်ပွားခဲ့တဲ့ စစ်ပွဲပုံစံတွေကနေခွဲခြမ်းစိတ်ဖြာထားတဲ့ လက်တွေ့ကျတဲ့ခြိမ်းခြောက်မှုတွေအတွက်ပြင်ဆင်မှုအဖြစ် ဖော်ပြထားပါတယ်။

အရင် နှစ်တွေတုန်းကလို မြောက်ကိုးရီးယားရဲ့ခြိမ်းခြောက်မှုကို တန်ပြန်မယ့်စစ်ရေးလေ့ကျင့်မှုလို့မသုံးနှုန်းတော့ဘဲ ကာကွယ်ရေးအတွက်သာဖြစ်ကြောင်းအလေးပေးပြောကြားတာတွေ့ရပါတယ်။တောင်ကိုးရီးယားအမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပံ့ပို့ဆောင်ရေးညှိနှိုင်းမှုတွေနဲ့ လေ့ကျင့်ရေးကာလချိန်ညှိမှုတွေကြောင့် ရွှေ့ဆိုင်းထားတာဖြစ်တယ်လို့ဆိုထားပေမယ့် ဒီရွှေ့ဆိုင်းမှုကြောင့် ပြည်တွင်းမှာ အငြင်းပွားမှုတွေဖြစ်လာခဲ့ပြီး မြောက်ကိုးရီးယားရဲ့လက်နက်ဖန်တီးထုတ်လုပ်မှုတွေဆက်ရှိနေချိန်နဲ့ဒေသတွင်းတင်းမာမှုတွေမြင့်တက်နေချိန်မှာ ဒီလုပ်ရပ်ကို တွန့်ဆုတ်မှုအဖြစ် ဒါမှမဟုတ် အသင့်ပြင်ဆင်မှုလျော့ပါးတဲ့လက္ခဏာအဖြစ်ရှုမြင်မယ့်အန္တရာယ်ကို ဝေဖန်သူတွေက သတိပေးထားကြောင်းသိရှိရပါတယ်။