တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်က ကားလမ်းတစ်ခုမှာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ မြေကျွံချိုင့်ဝှမ်းထဲ ပြုတ်ကျသွားတဲ့ အမျိုးသား ရုပ်အလောင်းကို သေဆုံးလျက် ရှာတွေ့ခဲ့ပါတယ်။ မတ်လ ၂၄ ရက် ညနေပိုင်းတုန်းက အဲဒီအမျိုးသားဟာ ကန်ဒေါင်ရပ်ကွက်မှာ မော်တော်ဆိုင်ကယ် စီးလာနေရင်း ရုတ်တရက် မြေကျွံကျတာနဲ့ ကြုံပြီး ချိုင့်ခွက်ကြီးထဲ ပြုတ်ကျသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ရှာတွေ့ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက နာရီပေါင်း အတော်ကြာ အပူတပြင်း အားထုတ်ခဲ့ရပြီးတဲ့နောက် မတ်လ ၂၅ ရက်မှာ အလောင်းကို တွေ့ရှိခဲ့တာပါ။

အလောင်းဟာ မြေမျက်နှာပြင်ရဲ့အောက် ၁၆၄ ပေလောက် အနက်က တွေ့ရှိခဲ့တာဖြစ်ပြီး ကားမောင်းသူ တစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ ကားတစ်စီးရဲ့ black box ကင်မရာက ရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ အဲဒီဖြစ်စဉ်ကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာလည်း လူပြောများနေခဲ့တာပါ။ ဗီဒီယို ထဲမှာတော့ လမ်းဆုံ မီးပွိုင့်တစ်ခုအကျော်က ကတ္တရာလမ်းမမှာ ရုတ်တရက် တွင်းချိုင့်ကြီး ဖြစ်သွားရာက မော်တော်ဆိုင်ကယ်သမား ပြုတ်ကျသွားပြီး အဖြူရောင် ဗင်ကားကတော့ ပြုတ်ကျမယ့် အရေးကနေ ပွတ်ကာ သီကာ လွတ်မြောက်သွားခဲ့တာကို တွေ့ရပါတယ်။

သေဆုံးသူဟာ အသက် ၃၀ ဝန်းကျင် အမျိုးသားဖြစ်ပြီး နာမည်ကိုတော့ အာဏာပိုင်တွေက မထုတ်ပြန်သေးပါ ဘူး။ ကန်ဒေါင် မီးသတ်ဌာနအကြီးအကဲ ကင်မ်ချန်ဆော့ကတော့ အဲဒီ မြေကျွံချိုင့်ထဲမှာ တန်ချိန် ၂၀၀၀ လောက် လေးလံတဲ့ မြေသားတွေနဲ့ ရေတွေ ရောနှောတည်ရှိနေတယ်လို့ ယုံကြည်ရကြောင်း အစောပိုင်းမှာ မှတ်ချက်ပေးခဲ့ ပါတယ်။ အခြေခံ အဆောက်အအုံ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ၊ သက်တမ်းရင့်ပြီး ပေါက်ပြဲကုန်တဲ့ ရေဆင်းပိုက် စနစ်တွေ၊ မြေတူးတာတွေနဲ့ ဆက်စပ်တဲ့ သက်ရောက်ထိခိုက်မှုတွေဟာ အခုလိုမျိုး မြေကျွံချိုင့်တွေကို ဖြစ်ပေါ် စေတတ်တယ်လို့ ဆိုပါတယ်။