စည်းကြပ်ခွန်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်လို့ တောင်ကိုရီးယား ယာယီသမ္မတ ဟန်ဒက်ဆူးက ဒီနေ့ ဧပြီလ ၁၀ ရက် မနက်ပိုင်းမှာ ပြောပါတယ်။ တောင်ကိုရီးယား ဝန်ကြီးအဖွဲ့ အစည်းအဝေးတစ်ခုအတွင်း အခုလို ပြောခဲ့တာဖြစ်ပြီး ညှိနှိုင်းမှုတွေ ဆက်လုပ်ဖို့ အစိုးရအဖွဲ့ဝင်တွေကို ညွှန်ကြား ခဲ့တယ်လို့ ယွန်းဟက်သတင်းအေဂျင်စီက ဖော်ပြပါတယ်။

လက်ရှိမှာတော့ ထရမ့်အစိုးရက တောင်ကိုရီးယား အပါအဝင် နိုင်ငံအများအပြားအပေါ် စည်းကြပ်ခွန် တိုးမြှင့်မယ့် ကိစ္စကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ပေးထားပါတယ်။ကုန်သွယ်မှုအပေါ် ကြီးကြီးမားမား မှီခိုနေရတဲ့ တောင်ကိုရီးယားနိုင်ငံအတွက် အကောက်ခွန်ဝန်ထုပ်ဝန်ပိုးကို ဖယ်ရှားနိုင်ဖို့ လာမယ့် ရက်ပေါင်း ၉၀ အတွင်းမှာ စေ့စပ်ညှိနှိုင်းရေးအတွက် ကြိုးပမ်းအားထုတ်မှုတွေကို နှစ်ဆတိုးလုပ်ရမယ်လို့ ယာယီသမ္မတက ပြောခဲ့တာပါ။

ဟန်ဒက်ဆူးဟာ ဒီအစည်းအဝေးမတိုင်မီမှာ အမေရိကန်ဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး၊ ကုန်သွယ်ရေး ဝန်ကြီးတွေနဲ့ ဗီဒီယိုကွန်ဖရန့် ပြုလုပ်ခဲ့တယ်လို့ ယာယီသမ္မတရုံးကနေ သိရပါတယ်။ လက်ရှိမှာလည်း အမေရိကန်ဆိုင်ရာ တောင်ကိုရီးယားသံရုံး၊ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီးဌာနတွေက အမေရိကန် အရာရှိတွေနဲ့ စည်းကြပ်ခွန်ဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ဆောင်ရွက်နေတယ်လို့ ယွန်းဟက်သတင်းမှာ ဖော်ပြထားပါတယ်။