ဒေသတွင်းမှာ ငလျင်အကြိမ် ၁၀၀၀ ကျော်လှုပ်ခတ်ပြီး ဇူလိုင် ၃ ရက်က အားပြင်တဲ့ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာ ကြောင့် ဂျပန်အာဏာပိုင်တွေဟာ တောင်ပိုင်းကျွန်းလေးမှာ နေထိုင်တဲ့ ဒေသခံ ၈၉ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ တိုက်တွန်းခဲ့တယ်လို့ The Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

အာကုဆဲကီကျွန်းဟာ ကျူးရှူးဒေသတောင်ဘက်မှာရှိတဲ့ တိုကာရာကျွန်းစုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဲဒီမှာ ဇွန် ၂၁ ရက်ကတည်းက ငလျင်ပေါင်း ၁၀၃၁ ကြိမ် လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင် ၃ ရက်ကတော့ ပြင်းအား ၅ ဒသမ ၅ ရှိတဲ့ငလျင်တစ်ခု အာကုဆဲကီကျွန်းနားမှာ လှုပ်ခတ်သွားခဲ့ပြီး အဲဒီနေ့မတိုင်ခင်ကလည်း အလားတူ ပြင်းအားရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ဇူလိုင် ၃ ရက်က ငလျင်ကြောင့် ဆူနာမီအန္တရာယ်မရှိပေမဲ့ လှုပ်ခတ်မှုပြင်းထန်တဲ့ဒေသတွေမှာ အိမ်ပြိုတာနဲ့ မြေပြိုတာတွေဖြစ်နိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ(JMA) က ငလျင်နဲ့ ဆူနာမီစောင့်ကြည့်ရေးညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ခတ်ဆုံး နိုင်ငံတွေထဲပါဝင်ပြီး ပစိဖိတ်မီးကွင်းဒေသ အနောက်စွန်း ကျောက်ထုလွှာ လေးခုပေါ်မှာ ရှိနေတာဖြစ်ပါတယ်။ လူဦးရေ ၁၂၅ သန်းဝန်းကျင် ရှိနေတဲ့ ကျွန်းစုနိုင်ငံဟာ နှစ်စဉ် ငလျင်လှုပ်ခတ်မှု ၁၅၀၀ ဝန်းကျင်လောက် ကြုံရပြီး ကမ္ဘာပေါ်က ငလျင်တွေရဲ့ ၁၈ ရာခိုင်နှုန်းလောက် ရှိနေတာ ပါ။မတ်လကထုတ်ပြန်တဲ့ အစိုးရရဲ့ခန့်မှန်းချက်အသစ်တစ်ခုမှာ အင်အားကြီးငလျင်နဲ့ နောက်ဆက်တွဲ ဆူနာမီ ဖြစ်လာရင် လူပေါင်း ၂၉၈၀၀၀ နီးပါး သေကြေနိုင်ပြီး အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ ဆုံးရှုံးမှု ရှိနိုင်တယ်လို့ ပါရှိပါတယ်။ ဒီသတင်းပတ်အတွင်းမှာ အစိုးရက အဲဒီလိုအားပြင်းတဲ့ ငလျင်မျိုးအတွက် ဒီထက်ပိုပြင်ဆင်ဖို့လိုအပ် တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။