အမေရိကန်နဲ့ဖိလစ်ပိုင် ပူးပေါင်းပြီး မေလ ၂၁ ရက် မနေ့က တောင်တရုတ်ပင်လယ်ပြင်မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု တွေ လုပ်ခဲ့တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ပြောပါတယ်။ နှစ်နိုင်ငံ ရေတပ်နဲ့ လေတပ် တပ်ဖွဲ့တွေ ပါဝင်တဲ့ စစ်ရေး လေ့ကျင့်မှု လုပ်ခဲ့တာဖြစ်ပြီး အမေရိကန်ကမ်းခြေစောင့်တပ် စစ်သင်္ဘောတွေ၊ အမေရိကန်ရေတပ်ရဲ့ ရေကြောင်း လေကြောင်း စောင့်ကြည့်ရေးလေယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။

ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ အခုနှစ်ထဲမှာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး ဆက်သွယ်ရေးလေ့ကျင့်မှုတွေနဲ့ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုတွေလည်း ပါဝင်တယ်လို့ ဖိလစ်ပိုင်စစ်တပ်က ထုတ်ပြန်ပါတယ်။ဒီလို ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာက ဖိလစ်ပိုင်တပ်မတော်ရဲ့ စွမ်းရည်ကို တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ဖို့နဲ့ ဖိလစ်ပိုင်နိုင်ငံနဲ့ ဒေသတွင်းရေကြောင်း အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ဖြစ်တယ်လို့ ဖိလစ်ပိုင် တပ်မတော်ဗိုလ်ချုပ်ကြီး ရိုမီယိုဘရော်နာက ပြောပါတယ်။

တောင်တရုတ်ပင်လယ် ရေလမ်းကြောင်းကနေတစ်ဆင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံ ကျော်ဖိုး လောက် ကုန်သွယ်မှု ပြုလုပ်နေတာဖြစ်ပြီး ဒီပင်လယ်ပြင်မှာ တရုတ်နဲ့ဖိလစ်ပိုင်ကြား ရေပိုင်နက်အငြင်းပွားမှုတွေ လည်း ဖြစ်နေပါတယ်။၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာတရားသူကြီးအဖွဲ့က တရုတ်နိုင်ငံရဲ့ ပိုင်နက်ကြေညာမှုတွေဟာ နိုင်ငံတကာဥပဒေအရ အခြေအမြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပေမဲ့ တောင်တရုတ်ပင်လယ်ထဲက မဟာဗျူဟာအကျဆုံး ရေလမ်းကြောင်း အများစုကို မိမိတို့ အပိုင်ဖြစ်တယ်လို့ တရုတ်နိုင်ငံက ပြောဆိုထားပါတယ်။