မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနဲ့ ရုရှားသမ္မတဗလာဒီမာပူတင်တို့ဟာ ဖုန်းခေါ်ဆိုပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုနဲ့ ယူကရိန်းကို ဆန့်ကျင်မဲ့စစ်ဆင်ရေးတွေကို ဆွေးနွေးခဲ့တယ်လို့ နှစ်နိုင်ငံ အစိုးရ မီဒီယာတွေက ထုတ်ပြန်ခဲ့တာကို AP သတင်းမှာ ဖော်ပြပါရှိပါတယ်။

Kursk နယ်စပ်ကို ယူကရိန်းတပ်ဖွဲ့တွေကျူး ကျော်ဝင်ရောက်မှုမှာ ရုရှားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့ ရဲရင့်မှုနဲ့ ကိုယ်ကျိုးစွန့်မှုကို သမ္မတပူတင်က ချီးကျူးခဲ့တယ်လို့ မြောက်ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ဆိုပါတယ်။ရုရှား TASS သတင်းအေဂျင်စီရဲ့အဆိုအရ သမ္မတပူတင်ဟာ သောကြာနေ့မှာ အမေရိကန်သမ္မတထရမ့်နဲ့ အလက် စကာမှာ တွေ့ဆုံဆွေးနွေးမဲ့အကြောင်းကို ခေါင်းဆောင်ကင်ဂျုံအန်ကို မျှဝေခဲ့တယ်လို့ဆို ပေမဲ့ မြောက်ကိုရီးယား အစိုးရသတင်းတွေကတော့ ထရမ့်နဲ့တွေ့ဆုံမဲ့အကြောင်းကို ဖော်ပြခဲ့တာ မရှိပါဘူး။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့နွေဦးကစပြီး ရုရှားကို စစ်သား ၁၅၀၀၀ လောက် ပို့ဆောင်ခဲ့ပြီး ယူကရိန်းနဲ့ ဖြစ်ပွား နေတဲ့စစ်ပွဲမှာ ပူတင်ကိုကူညီဖို့ လက်နက်ကိရိယာတွေ၊အမြောက်တွေနဲ့ဒုံးတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ဒါ့အပြင် ရုရှားရဲ့ Kursk ဒေသကို စစ်ဘက်ဆိုင်ရာဆောက်လုပ်ရေးလုပ်သားတွေနဲ့ မိုင်းရှင်းသူတွေကို ပို့ပေးဖို့ သဘောတူထားပြီး အဲဒီပို့ဆောင်မှုဟာ မကြာခင် ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယားထောက်လှမ်းရေးတွေက ပြောဆိုထားပါတယ်။