ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာ တရုတ်လူမျိုးတွေ ဦးစီးတဲ့ အွန်လိုင်းဂိမ်းစင်တာတစ်ခုကို ရဲတပ်ဖွဲ့က စီးနင်း ဖြိုခွင်းခဲ့ရာမှာ လူ(၄၅၀)ကျော် ဖမ်းမိထားပါတယ်။ အဲဒီ အွန်လိုင်းဂိမ်းစင်တာဟာ ကမ်းလွန်ပင်လယ်ပြင်မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဖမ်းဆီးမှုအတွင်း တရုတ်သူဌေး (၅)ယောက်လည်း ပါဝင်တယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ အကြီးအကဲက သောကြာနေ့က ပြောပါတယ်။

အဲဒီသူဌေး (၅)ယောက်ဟာ လူကုန်ကူးမှုစွဲချက်တွေနဲ့လည်း ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါတယ်။ ကနေဦး စစ်ဆေးချက်တွေအရ အဲဒီ ဂိမ်းစင်တာကို ငွေလိမ်လည်မှုအတွက် အဓိက လည်ပတ်အသုံးချနေပြီး အားကစားပွဲ လောင်းကစားလုပ်တာနဲ့ အတုအယောင် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် တွေ ဗန်းပြကာ တရုတ်နဲ့အိန္ဒိယနိုင်ငံက လူတွေကို ပစ်မှတ်ထား လိမ်လည်တဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဖမ်းဆီးခံရသူ တွေထဲမှာ တရုတ်နိုင်ငံသား (၁၃၇)ယောက် ပါဝင်ခဲ့တယ်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်ကလည်း နိုင်ငံတွင်းမှာ လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲ မှုနဲ့ လူသတ်မှုအထိ ကျူးလွန်ဖို့ ရာဇဝတ်ဂိုဏ်းတွေက အသုံးချနေတဲ့ အွန်လိုင်းဂိမ်းလုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်က တားမြစ်ပိတ်ပင်တဲ့ အမိန့်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့် ထုတ်ပြန်ပြီးနောက်ပိုင်း ဖိလစ်ပိုင်မှာ အွန်လိုင်း ဂိမ်လိမ်လည်မှု လုပ်ငန်းအသေးစားတွေကို လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား (၂၁၀၀၀)လောက် ရှိနေတယ်လို့ ဖိလစ်ပိုင် ရဲတပ်ဖွဲ့အကြီးအကဲက ပြောခဲ့ဖူးပါတယ်။