အမေရိကန်အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ သတင်းဌာနတွေက ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားရုံးတစ်ခုက ညွှန်ကြားလိုက်ကြောင်း Gateway Pundit သတင်း မှာ ဖော်ပြထားပါတယ်။ဧပြီ ၂၂ ရက်မှာ အမေရိကန် ပြည်ထောင်စုတရားသူကြီးတစ်ယောက်က ထရမ့်အစိုးရကို Voice of America (VOA)၊ RFA (Radio Free Asia) အစရှိတဲ့ အခြားသော တွဲဖက်သတင်းဝန်ဆောင်မှု ဝန်ထမ်း တွေကို ပြန်လည်ခန့်အပ်ဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

အမေရိကန် ခရိုင်တရားသူကြီး Royce Lamberth က Voice of America ကို ကွန်ဂရက်က ထောက်ပံ့နေပြီး အေဂျင်စီကို ထရမ့် ဖြတ်တောက်လိုက်တာဟာ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ အာဏာကို တိုက်ရိုက်ထိပါးစေတယ်လို့ ပြောပါတယ်။အမေရိကန်ရဲ့ နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေးကဏ္ဍကို ကြီးမှူးတဲ့ အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM)အတွက် ရန်ပုံငွေတွေကို ထရမ့်အစိုးရက ဖြတ်တောက်ပစ်ခဲ့တဲ့နောက် VOA၊ RFA နဲ့ MBN တို့ အပါအဝင် အေဂျင်စီ လက်အောက်ခံ မီဒီယာတွေရဲ့ ဝန်ထမ်းတွေဟာ အလုပ်ကနေ ရပ်စဲခံထားကြရတာ ဖြစ်ပါ တယ်။

တစ်ဖက်မှာလည်း ထရမ့် အစိုးရရဲ့ လုပ်ဆောင်ချက်ကို မကျေနပ်တဲ့အတွက် VOA သတင်းထောက် ပတ်ဆီ ဝီဒါကူစ်ဝါရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ လက်ရှိ USAGM ယာယီ အမှုဆောင်ချုပ် ကာရီလိတ်ခ်ကို ဦးတည်ပြီး တရားစွဲခဲ့ပါတယ်။ လိတ်ခ်ဟာ USAGM ရဲ့ ဝန်ထမ်းတွေကို လျှော့ချရေးအတွက် ထရမ့်စိတ်တိုင်းကျ ရွေးချယ် ခန့်အပ် ခံထားရသူတစ်ယောက် ဖြစ်ပါတယ်။