ဘီလီယံနာ အီလွန်မတ်စ်ပိုင်တဲ့ လျှပ်စစ်ကားကုမ္ပဏီကြီး Tesla ဟာ အိန္ဒိယမှာ ကားထုတ်လုပ်ဖို့ စိတ်မဝင်စား ဘူးလို့ အိန္ဒိယ အကြီးစားစက်မှုဝန်ကြီး ကုမာရာဆွာမီက ပြောပါတယ်။

နိုင်ငံအတွင်း EV ကား ထုတ်လုပ်မှုမြှင့်တင်ရေးအစီအစဥ်အတွက် အသေးစိတ်လမ်းညွှန်ချက်တွေကို ပြီးခဲ့တဲ့ဇွန်လ ၂ ရက်မှာ အိန္ဒိယအစိုးရက ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယ စက်မှုဝန်ကြီးက အခုလို မှတ်ချက်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ မတ်လကစလို့ အိန္ဒိယက ကမ္ဘာလုံးဆိုင်ရာ EV ကားကုမ္ပဏီကြီးတွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ် တာတွေ လုပ်ခဲ့ပေမဲ့ Tesla ကိုတော့ ဆွဲဆောင်နိုင်တာ မရှိသေးဘူးလို့ စက်မှုဝန်ကြီးက ဝန်ခံခဲ့တာ ဖြစ်ပါတယ်။ဒါပေမဲ့ Mercedes Benz၊ Volkswagen၊ Hyundai နဲ့ Kia တို့လို ကားကုမ္ပဏီကြီးတွေကတော့ အိန္ဒိယမှာ လျှပ်စစ် ကားထုတ်လုပ်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့တယ်လို့ သူက ဆိုပါတယ်။

Tesla ဘက်က ကိုယ်စားလှယ်အချို့ဟာ အိန္ဒိယရဲ့ EV ထုတ်လုပ်မှု မြှင့်တင်ရေးအတွက် ပထမအကျော့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့ပေမယ့် နောက်အကြိမ်တွေ မှာတော့ ပါဝင်တာ မရှိတော့ဘူးလို့ အိန္ဒိယအရာရှိတစ်ယောက်က ပြောပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တက်စလာအနေနဲ့ အိန္ဒိယမှာ စက်ရုံဆောက်မယ်ဆိုရင် အမေရိကန်အတွက် တရားမျှတမှု မရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ပြောခဲ့ပါတယ်။ အိန္ဒိယ EV ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အိန္ဒိယအခြေစိုက် ကုမ္ပဏီ Tata Motors က ရရှိထားတာ ဖြစ်ပါတယ်။