အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်းအထိ တိုးကောက်မယ့် အမိန့်ကို မနေ့က ဇွန်လ ၃ ရက်မှာ လက်မှတ်ရေးထိုးလိုက်ပါတယ်။ ဒီအခွန်တိုးကောက်မယ့် အစီအမံဟာ ဒီနေ့ ဇွန်လ ၄ ရက်မှာ စတင်အသက်ဝင်မှာဖြစ်ပြီး သမ္မတထရမ့်က အမေရိကန်သံမဏိလုပ်ငန်းရဲ့ အနာဂတ်ကို လုံခြုံစေဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။

ဒီအမိန့်ကြောင့် မော်တော်ကားကနေ စည်သွပ်ဘူးတွေအထိ သတ္တုတင်သွင်းမှုတွေမှာ အခက်အခဲတွေ ဖြစ်လာ နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ သမ္မတထရမ့်ရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ် စရာက ဒီအစီအမံဟာ ရေရှည်အတွက်လား၊ နည်းဗျူဟာတစ်ခုအနေနဲ့ပဲ လုပ်တာလားလို့ မေရီလန်းအခြေစိုက် Independent Can ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့် သတ္တုဈေးတွေ မြင့်တက်နိုင်တဲ့အတွက် လုပ်ငန်းရှင်တွေက ပလပ်စတစ်နဲ့ စက္ကူပုံးလို ရွေးချယ်စရာတွေကို ဦးတည်သွားနိုင်တယ် လို့လည်း သူက ပြောပါတယ်။

အမေရိကန်ဟာ ဥရောပသမဂ္ဂပြီးရင် ကမ္ဘာပေါ်မှာ သံမဏိအများဆုံးတင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး ကနေဒါ၊ ဘရာဇီး၊ မက္ကဆီကိုနဲ့ တောင်ကိုရီးယားတို့ကနေ အဓိက တင်သွင်းနေတာပါ။ သမ္မတထရမ့်ရဲ့ ဒီလိုအခွန်တိုးမြှင့်တဲ့ အစီအမံ ကနေ ဗြိတိန်ကတော့ ယာယီကင်းလွတ်ခွင့်ရရှိထားပြီး ဗြိတိန်က သံမဏိနဲ့ အလူမီနီယံ သွင်းကုန်တွေအပေါ်မှာ တော့ အခွန် ၂၅ ရာခိုင်နှုန်း ဆက်ကောက်ခံမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလမှာ လက်မှတ်ထိုးခဲ့တဲ့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ကုန်သွယ်ရေးသဘောတူညီချက်အရ အခုလို အခွန် ၅၀ ရာခိုင်နှုန်းကနေ ကင်းလွတ်ခွင့်ရထားတာဖြစ်ပြီး ဗြိတိန်တာဝန်ရှိသူတွေကတော့ အကောက်ခွန်နှုန်းထားကို လုံးဝ ဖယ်ရှားနိုင်ဖို့ ဆက်ညှိနှိုင်းသွားမယ်လို့ ပြောထားပါတယ်။